Home
မြန်မာသတင်း
ဟုမ္မလင်းမြို့က တက်ကြွလှုပ်ရှားသူ ၁ ဦးအား စစ်ကောင်စီဖမ်းဆီး
DVB
·
August 3, 2022
297124297_619618096252331_5228442728564853492_n

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ နောင်ပါးကျစ်ရပ်ကွက်မှာ နေထိုင်တဲ့ လူထုဆန္ဒဖော်ထုတ်ပွဲ၊ ဆန္ဒပြပွဲသပိတ် ဦးဆောင်သူ ကိုကျော်ဝင်းစိန်ကို ဩဂုတ် ၁ ရက်က ကျန်းမာရေးအတွက် မန္တလေးမြို့ရှိ ဆေးခန်းတခုမှာ ဆေးကုသမှုခံယူဖို့ စောင့်ဆိုင်းနေချိန် ရဲတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဩဂုတ် ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

“မန္တလေးကနေ ဟုမ္မလင်းကို ဒီနေ့လေယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ အတိအကျ မသိရပါဘူး” လို့ ဟုမ္မလင်းမြို့နယ် ပအဖအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

ရှမ်းနီလူငယ်တဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန် မတရားဖမ်းဆီးချုပ်နှောင်ခံရတာကို ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့ရင် ပြုလုပ်သူတွေ တာဝန်ခံရမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

အမည်မဖော်လိုသူ မြို့ခံတဦးက “တက်ကြွလှုပ်ရှားသူ လူငယ်တဦးမို့ နှမျောပြီး စိတ်မကောင်းဖြစ်ရတယ်။ ဟုမ္မလင်းမြို့ပေါ်မှာ မတရားမှုမှန်သမျှ ရှေ့ကနေ ဦးဆောင်နေသူမို့ သူ့အတွက် စိုးရိမ်မိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုဖမ်းဆီးခံရတဲ့ ကိုကျော်ဝင်းစိန်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ဟုမ္မလင်းမြို့ နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ CDM ကျောင်းဆရာမ မမေနှင်းရဲ့ ခဲအိုဖြစ်ပြီး မိဘတွေပိုင်ဆိုင်တဲ့ နေအိမ်နဲ့ ဇော် နာရီဆိုင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ချိပ်ပိတ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024