မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအနီးမှာ သြဂုတ် ၂ ရက် မနက် ၇ နာရီလောက်က လူနာတင်ယာဥ်နဲ့ အမျိုးသားသုံးယောက် စီးနင်းလာတဲ့ ဆိုင်ကယ်တို့ ရင်ဆိုင်တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသားသုံးယောက်လုံး နေရာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွားထိုးကြီးမြို့နယ်၊ ဖလန်ကုန်းကျေးရွာက မန္တလေးကိုသွားတဲ့ လူနာတင်ကားနဲ့ ပြင်စည်ကျေးရွာဘက်က နွားထိုးကြီးဘက်ကို မောင်းနှင်လာတဲ့ အမျိုးသား ၃ ယောက်စီး မော်တော်ဆိုင်ကယ်တို့ ပြင်စည်ကျေးရွာအနောက်ဘက်မှာ မနေ့မနက် ၇ နာရီလောက်က တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်နေရာကို ရောက်ခဲ့သူတဦးက “ယာဥ်တိုက်မှုဖြစ်တာ၊ လူသေတာ ဟုတ်တယ်။ ကျနော်တို့ အဲ့နားကဖြတ်တော့ လူမှုကူညီရေးအသင်းကားတွေ မြင်ခဲ့တယ်။ DB ကောက်နေကြတာ။ ဘယ်သူကမှားတာ၊ ဘယ်လိုကြောင့် တိုက်ကြတယ်တော့ မသိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူတွေဟာ နွားထိုးကြီးမြို့နယ် ဇေဒိပ်အုပ်စု ထန်းတောရွာမှ မောင်မင်းထက်ကျော်ဇင် အသက် (၁၈) နှစ်၊ မောင်ရဲထွန်း အသက် (၂၀) နှစ်နဲ့ မောင်တရုတ်ကြီး အသက် (၂၁) နှစ်အရွယ် လူငယ်တွေ ဖြစ်ကြပါတယ်။