ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ဘီခိုကျေးရွာမှာ မနေ့ညပိုင်းက စစ်ကောင်စီသတင်းပေးလို့ နာမည် ထွက်နေသူတဦး သေနတ်နဲ့ပစ်ခတ်ခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘီခိုကျေးရွာမှာ မနေ့ည ကိုးနာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ပြန်လာတဲ့ စစ်ကောင်စီ သတင်း ပေး ဦးသိန်းဝင်းကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။
“သူနာမည်ကသိန်းဝင်း ရွာမှာခေါ်တာက ငပူး၊ သူ့ကြောင့် ဒုက္ခရောက်တဲ့သူမနည်းဘူး။ သူ သတင်းပေးလို့ အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ ညက သူ အုပ်ချုပ်ရေးမှုးရုံးက ပြန်လာတဲ့ အချိန် ကရင်ချောင်းကနေ စက်လှေနဲ့လာပြီး သေနတ်နဲ့ပစ်သွားတာ သေနတ်သံကို ဆူညံနေတာပဲ” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူမှာ ဘီခိုကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသိန်းဝင်းဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာခြောက်ချက်နဲ့ သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကရင်ချောင်းကနေ စက်လှေနဲ့လာပစ်တာ စက်လှေနဲ့ပဲ ထွက်ပြေးသွားတယ်၊ တပ်က ရောက်တော့ သူက သေနေပြီ”လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဘီခိုကျေးရွာမှာ စစ်ဆေးမှုတချို့ ပြုလုပ်ခဲ့သေးတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
တွံတေးမြို့နယ် ဘီခိုကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက် ရွာခံနှစ်ဦးကို PDF လို့ သတင်းပေး တိုင်တန်းခဲ့တာကြောင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ဆိပ်မှာ စစ်ကောင်စီသတင်းပေး ဇော်ထွန်း(ခ)ပြောင်ကြီး ဆိုသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။