ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးညှိုနှိုင်းပြီး လက်တွဲပူးပေါင်းကြိုးပမ်းမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)က ဇူလိုင် ၃၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
RCSS ရဲ့ ၆ လပတ်အစည်းအဝေးကို ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီးနောက် အခုလို ထုတ်ပြန်ခဲ့တာပါ။
အဲ့ဒီအစည်းအဝေးကို အကြံပေးအဖွဲ့တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟိုဦးစီးကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
RCSS/SSAဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့အတွက် ပြည်တွင်း ပြည်ပမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ဝေဖန်ခံခဲ့ရပါတယ်။