ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနဲ့ လုံးခင်းကျေးရွာကြားက ရဲကင်းမှာ ဇူလိုင် ၃၁ ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၈ နာရီလောက် ပေါက်ကွဲမှုဖြစ်ပွားတယ်။ အသံကတော့ အတော်ကျယ်တယ်။ တာဝါတိုင်အနီးက ရဲကင်းမှာ နှစ်လုံးပေါက်တာ။ အစောင့်ရဲတွေတော့ ထိခိုက်မှု ရှိမရှိ မသိရဘူး” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ကျောက်ဝိုင်းအတွင်းမှာ ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတွေ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စည်ပင်ရုံး၊ စုပေါင်းရုံး၊ ရဲကင်းစခန်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ တပ်သားသုံးဦး စျေးဝယ်ထွက်လာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရလို့ တဦး ဒဏ်ရာရရှိခဲ့ပါတယ်။