Home
အနုပညာ
ဒေါင်း၊ ချစ်သုဝေတို့ ပါဝင်သည့် တော်လှန်ရေးရန်ပုံငွေဇာတ်လမ်းတို လက်မှတ်ကျပ် ၃ သောင်းဖြင့် စတင်ရောင်းချ
DVB
·
August 1, 2022
Sa Hmat

ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ တော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို ရုပ်ရှင်လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၃ သောင်း နဲ့ ဩဂုတ် ၁ ရက် ဒီကနေ့ စတင်ရောင်းချနေပါတယ်။

“စမှတ်”လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုကိုတော့ ချစ်သုဝေရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းက ပုံဖော်ရိုက်ကူးပေးထားခဲ့တာဖြစ်ပြီး အနုပညာထုတ်ကုန်တခုနဲ့ ​တော်လှန်​ရေးအတွက် ​ရန်ပုံငွေရှာဖွေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပိုတို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

လတ်တလောမှာတော့ အာဏာရှင်ကို ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးမှာ ရှေ့ဆက်ပါဝင်နေတဲ့ တော်လှန်ရေးအနုပညာရှင်တွေ ပုံဖော်ဖန်တီးထားတဲ့ “စမှတ်” ဇာတ်လမ်းတို Premium Ticket တစောင်ကို မြန်မာငွေ ကျပ် ၃ သောင်းနဲ့ ဝယ်ယူအားပေးနိုင်သလို စင်ကာပူဒေါ်လာ ၃၀၊ အမေရိကန်ဒေါ်လာ ၃၀၊ သြစ​တြေးလျ ​ဒေါ်လာ ၃၀၊ ကိုရီးယားဝမ် ၂၁,၀၀၀၊ ဂျပန် ယမ်းငွေ ၃,၀၀၀၊ ထိုင်းဘတ်ငွေ ၆၀၀၊ မကာအိုပါတားကား ၂၄၀၊ ယူကေပေါင် ၃၀ စတဲ့ နိုင်ငံအသီးသီးကတဆင့်လည်း ကြိုတင် ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

ရန်ပုံငွေပါဝင်ကူညီကာ Premium Ticket ဝယ်ယူထားသူတွေအနေနဲ့ကတော့ စီစဉ်ထားတဲ့ အွန်လိုင်းပလက်ဖောင်းကတဆင့် လာမယ့် ဩဂုတ် ၈ ရက်၊ ၈ နာရီမှာ ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

အနုပညာကို မြတ်နိုးသူ၊ တော်လှန်ဝန်ထမ်းလိုသူတွေအနေနဲ့ ရုပ်ရှင်လက်မှတ် ဝယ်ယူချင်တယ်ဆိုရင်တော့ ဖော်ပြပါလင့်ခ်ကတဆင့် ဆက်သွယ်ဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Premium Ticket ဝယ်ယူရန်လင့်ခ်- m.me/TMacrameFamily

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013