“တရားတဲ့သူသာ နိုင်ကြေးဟေ့၊ အားလုံးစုစည်းနေရင်ဘာမှမဖြစ် “စာတန်းကိုကိုင်ဆွဲကာ ဇူလိုင် ၃၁ ရက် ဒီနေ့မှာ ရန်ကုန်လူငယ်တွေ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ မတရားသေဒဏ်ပေးခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ရဲ့ မျက်နှာပုံတူတွေကို အသီးအသီး ကိုင်ဆောင်ပြီး ပြည်သူလူထုနဲ့အတူ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြတာပါ။
ဒါ့အပြင် လူထုသစ္စာအဓိဋ္ဌန်ပြုပွဲများ ကျင်းပတဲ့အတွက် စစ်ကောင်စီတပ်သားတွေ လာရောက်အကြမ်းဖက်နိုင်ပြီး လူထုကို အကြောက်တရားတွေ ထည့်သွင်းနိုင်တဲ့ကြားကနေ ပြည်သူတွေ အင်အားစုတွေနဲ့အတေ ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြည်သူလူထုကို ဒူးထောက်တောင်းပန်စကားဆိုခဲ့ကြပါတယ်။
အဆိုပါလူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို Youth Scout for Democracy (Y.S.D)အဖွဲ့က မြေပြင်ကင်းထောက်အဖြစ် ပံ့ပိုးကူညီခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီလုံခြုံရေး တင်းကျပ်ထားတဲ့ ရန်ကုန်မြို့က YBS ယာဉ်လိုင်းတွေပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသစ္စာအဓိဋ္ဌာန်ပွဲတွေကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကမာရွတ်၊ အလုံ၊ ရွှေပြည်သာ အစရှိတဲ့ မြို့နယ်တွေမှာလည်း ပြည်သူလူထုနဲ့ သပိတ်အင်အားစုများပေါင်းပြီး လူထုသစ္စာအဓိဋ္ဌာန်ပြုတာ၊ သံပုံးတီးတာ၊ ကားဟွန်းတီးတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီဘက်က ဒီနေ့မှာ အထူးတလည် ပြင်ဆင်စောင့်ကြည့်နေပြီး ကားလမ်းမတွေ၊ အထင်ကရ လူစည်ကားနိုင်တဲ့ နေရာတွေမျိုးတွေမှာ နောက်ဆုံး ရပ်ကွက်ထဲက စျေးတွေ၊ လမ်းကြိုလမ်းကြားတွေအထိ အရပ်ဝတ်ပုံစံတွေ၊ စစ်သုံးယာဉ်ဖြစ်တဲ့ မော်တော်ယာဉ်တွေနဲ့ ပိတ်ကာ ကြိုတင်စောင့်ပြီး လူငယ်တွေရဲ့ ဖုန်းတွေ၊ အိတ်တွေကို စစ်ဆေးတာ၊ လမ်းတွေပိတ်ဆို့ပြီး ကင်းပုန်းချတာတွေလည်း ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ကျနော်တို့ဟာ ပြုသူလူထုကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ကျနော်တို့သာ ဒီဘတ်စ်ကားတွေပေါ်တက်ပြီး ဆန္ဒပြခဲ့တယ်ဆိုရင် ဒီကားပေါ်မှာရှ်ိတဲ့ ခရီးသည်တွေနဲ့ ကားမောင်းတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်လိုင်းကားတွေ အန္တရာယ်ဖြစ်လာနိုင်မှာကို ကြိုတင်မှန်းဆခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ကြောင့် ဒီလိုတွေဖြစ်ခဲ့ရင် ကျနော်တို့က တောင်းပန်ပါတယ်။ ကျနော်တို့ကို အပြစ်မမြင်ဖို့နဲ့ ကျနော်တို့မှာ ဒီလိုမျိုး ထိခိုက်စေလိုစိတ်တခုမှမရှိဘဲ တော်လှန်ရေးခရီးကိုသာ အဆုံးထိသွားလိုစိတ်ရှိတယ်” လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုရဲညီထက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲတွေကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုအနေနဲ့ သပိတ်များမှာပါဝင်ရင် ဘေးအန္တရာယ်ဖြစ်စေမယ်ဆိုတဲ့ အတွေးမျိုးမရစေဘဲ မက်စ်တပ်ပြီး လာပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။