မွန်ပြည်နယ် ရေးမြို့ ပေါ်ရပ်ကွက်မှာ ဇူလိုင် ၃၀ ရက် နေ့ ည ၇ နာရီခွဲလောက်ကင ဗုံး ၁ လုံး ပေါက်ကွဲခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
“လူတွေ သိပ်ပြီး အပြင်မထွက်ရဲကြဘူး၊ တမြို့လုံး နေအိမ်ထဲမှာနေကြတာ ဒီနေ့အထိပါပဲ။ အခုလူတွေ တိတ်ဆိတ်နေတဲ့အချိန် ဗုံးသံက မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို အသံက ပိုလွမ်းခြုံသွားတော့ စိုးရိမ်စိတ်တွေမှာ တနေ့တခြား ပိုပြီးများလာတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာကို အတိအကျ ဘယ်သူ့ကမှ မပြောနိုင်ပေမဲ့ ညက ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် ထိခိုက်ဒဏ်ရာရတာတွေလည်း မကြားရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရေးမြို့နယ်မှာ ဗုံးသံ သေနတ်သံတွေ ကြားလာနေရတာ နေ့စဉ်နီးပါးလောက် ဖြစ်လာနေခဲ့တော့ ဒေသခံအများစုမှာ အသွားအလာတွေမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။
ဒေသဆိုင်ရာ PDF တွေကတော့ စစ်ကောင်စီရဲ့ လက်ပါးစေ မှန်သမျှကို စစ်ဆင်ရေး အရှိန်မြှင့်တင်သွားရန်ဖြစ်တာကြောင့် ပြည်သူများအသွားလာ သတိရှိကြရန် တိုက်တွန်းထား ပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရ အမိန့်ကို ဒီနေ့အထိ သတ်မှတ်ထားခဲ့သလို ညဘက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတွေ လှည့်ကင်း၊ ဝပ်ကင်းတွေ ဆောင်ရွက်နေတဲ့ ကြားက အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့ စည်းက ဖောက်ခွဲခဲ့တာဆို ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။