နေပြည်တော်မှာ ပြည်ပထွက်အလုပ်လုပ်ကိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) လုပ်ရာမှာ အချိန်ကြန့်ကြာနေတဲ့အတွက် ကြားပွဲစားတွေကို ငွေကျပ်သိန်းချီပေးပြီး လုပ်ကိုင်သူများပြားနေပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာ၊ လုပ်ခလစာနည်းပါးတာတွေကြောင့် ပြည်ပထွက်အလုပ်လုပ်ကိုင်လိုသူများပြားနေရာမှာ နေပြည်တော်က ပြည်သူတွေကတော့ နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် အချိန်ကြန့်ကြာနေတာကြောင့် အမြန်ရအောင် ကြားပွဲစားတွေနဲ့ လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဥတ္တရသီရိမြို့နယ်က ပြည်ပထွက်အလုပ်လုပ်ကိုင်မယ့်သူတစ်ဦးက "ကိုယ့်ဘာသာလုပ်မယ်ဆိုလည်း ရတော့ရတယ်။ ဒါပေမဲ့ ၈ လပိုင်းကုန်လောက်မှ ရမယ်ဆိုလို့ ပွဲစားနဲ့ လုပ်လိုက်တာ ၈ လပိုင်း ပထမပတ်ထဲရမယ်လို့ ပြောတယ်" လို့ ပြောပါတယ်။
နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လုပ်မယ်ဆိုပါက အချိန်စောင့်ဆိုင်းရပေမဲ့ ငွေကြေးကတော့ သောင်းဂဏန်းသာ ကုန်ကျမှာပါ။ ကြားပွဲစားတွေနဲ့ ပြုလုပ်မယ်ဆိုပါက ကျပ် ၂ သိန်းခွဲ ၃ သိန်းလောက် ကုန်ကျရတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုသူတစ်ဦးက " ပွဲစားနဲ့ လုပ်တာ မြန်တာပေါ့။ဒါပေမဲ့ ပွဲစားခက အနည်းဆုံး ၂ သိန်းကနေ ၃ သိန်းဝန်းကျင်ပဲ။ ကျနော်ဆို ၂ သိန်း ၂ သောင်းနဲ့ လုပ်ထားတာ။" လို့ ပြောပါတယ်။
နေပြည်တော် ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် နေ့စဉ် လူ ၁၀၀ ဝန်းကျင် လာရောက် လျှောက်ထားနေကြပြီး အများစုက ထိုင်းနိုင်ငံနဲ့ မလေးရှားမှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်နဲ့ တခြားမြို့တွေမှာလည်း ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ထွက်ခွာနိုင်ဖို့ အရေး နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လာလုပ်တဲ့ပြည်သူတွေ နေ့စဉ်လူ ရာထောင်ချီရှိနေပါတယ်။