ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးက မြို့တော်ခန်းမရဲ့ အနောက်ဘက်လမ်း ဝင်ပေါက်နားမှာ ဇူလိုင် ၃၀ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ အနီးနားနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိလဲဆိုတာ မသိရသေးပေမယ့် လူထိခိုက်မှု ရှိနိုင်တယ်လို့လည်း သိရပါတယ်။
"စည်ပင်ဘဏ်ရှေ့ မြို့တော်ခန်းမ ဝင်ပေါက်မှာ ပေါက်တာ။ လူနာတင်ယာဉ် နှစ်စီးနဲ့ လူနာတင်သွားတာတွေ့လိုက်ရတယ်"လို့ အနီးနား နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်ပဲ စစ်ကား နှစ်စီး နဲ့ ရဲကားတစ်စီးရောက်ရှိလာပြီး အဲ့ဒီနားမှာ စစ်ဆေးခဲ့ကြပါတယ်။
မြို့တော်ခန်းမအနောက်ဘက်ဝင်ပေါက်ဟာ အတားအဆီးတွေနဲ့ ပိတ်ဆို့ကာရံထားပြီး မြို့တော်ခန်းမအစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေပဲ ဝင်ထွက်လို့ ရတဲ့နေရာ ဖြစ်ပါတယ်။