ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မရဲစခန်းမှာ ဇူလိုင် ၂၉ ရက်ညက ရဲအချင်းအချင်း ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ နယ်ထိန်းရဲအုပ်တယောက် သေဆုံးခဲ့တယ်လို့ ကျောက်ဖြူရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။
သေဆုံးသွားသူဟာ နယ်ထိန်း ရဲအုပ်အုန်းကျော်ဌေးဖြစ်ပြီး မြို့နယ်ရဲမှူးနဲ့ စခန်းမှူးတို့က နယ်ပြောင်းတာကြောင့် နုတ်ဆက်ပွဲညစာကျွေးမွေးပြီး ကင်းလှည့်ထွက်ဖို့ပြင်ဆင်နေစဉ်မှာ ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သားစိုးလင်းအောင်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောကြပါတယ်။
"မနေ့ညက မြို့နယ်ရဲမှူးနဲ့ မြို့မစခန်းမှူးတို့ နယ်ပြောင်းရွေ့ရမှာဖြစ်တာကြောင့် နုတ်ဆက်ပွဲအနေနဲ့ ညစာကျွေးခဲ့တာတွေရှိတယ်။ အဲဒါအပြီး ကင်းလှည့်ဖို့ လုပ်နေကြတုန်းမှာ ရဲအုပ်အုန်းကျော်ဌေးကရဲတပ်သားစိုးလင်းအောင်ကို ဆဲဆိုတာတွေ၊ ကြိမ်းမောင်းတာတွေလုပ်တော့ အဲဒီ ရဲစခန်းရှေ့မှာပဲ ပစ်သတ်လိုက်တာလို့သိရတယ်။ အချိန်ကတော့ ည ၁၀ နာရီလောက်ရှိမယ်။ နယ်ထိန်း ရဲအုပ်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်"လို့ပြောပါတယ်။
ရဲတပ်သားစိုးလင်းအောင်မှာ ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေတာကြောင့် သူရဲ့မိသားစုဝင်တွေကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတာတွေရှိသလို မြို့ထဲနဲ့ ဆိပ်ကမ်းဘက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
နယ်ထိန်းရဲအုပ် အုန်းကျော်ဌေး သေးဆုံးမှု အသေးစိတ်ကို သိရဖို့အတွက် ကျောက်ဖြူမြို့မ ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။