စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာမှာ ဇူလိုင် ၂၇ ရက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်လယ်ရှိ ရေလယ်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စဉ့်ကိုင်ကျေးရွာဘက်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေး ရွှေဘိုခရိုင် ဝက်လက်တပ်ရင်း ၁၈ နယ်စည်းမခြား တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက “ဒလန်ရှင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရေလယ်ကျွန်းရွာထဲ ဝင်လာတ။ အဲ့ဒီမှာ တိုက်ပွဲစဖြစ်တာပါ။ ရွာထဲ မွှေသွားတာတွေလည်း ရှိတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့လည်း ဗုံးချတိုက်ခိုက်နိုင်ခဲ့တယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေကတော့ အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ၈ ယောက် သေဆုံးခဲ့ပြီး အေယာက် ၂၀ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ကလည်း ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ RPG ဗုံးသီးကြောင့် စဉ့်ကိုင်ကျေးရွာက ဆရာတော် ၁ ပါးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်းနေပြီး သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ရေယာဉ်နဲ့ ညတွင်းချင်း မန္တလေးမြို့ဘက် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီး စစ်ကိုင်း-ရှိမ်းမကား-ကျောက်မြောင်း အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပိုင်းကို ကျန်းမာရေးကိစ္စကလွဲပြီး ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဇူလိုင် ၂၈ ရက်နေ့ မနက်မှာ တောကြီးမြွေပွေးအဖွဲ့က သတိပေးထားပါတယ်။