စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာမှာ စစ်ကြောင်းထိုးပြီး ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၂၇ ရက် ညပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၇ ရက်က မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာကို ရဟတ်ယာဉ် ၅ စင်းနဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် ကန်ဖျားကျေးရွာဘက်က တပ်ပြန်ဆုတ်ခွာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၉ ယောက်ပါဝင်တဲ့ စစ်ကြောင်းအပေါ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူတဦးက “အဲဒီနေ့က Mi35 နှစ်စင်းနဲ့ ရွာတွေဘက်ကို အကြောင်းမဲ့ ပတ်ပစ်ပြီး ကျန် သုံးစင်းက လူချသွားတယ်။ တပ်ဖြန့်ပြီး စစ်ကြောင်းထိုးလာတာ။ ကျနော်တို့က မြေပြင်စစ်ကြောင်းထိုးပြီး ပြန်ထွက်လာတာကို စောင့်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးပြီး ၁၈ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ ညီနောင် Zero Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။
ဇူလိုင် ၂၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် မြင်းမူမြို့နယ်က မူးမန္တလေး၊ ကျောက်ဖျာ၊ အင်းမ၊ ကန်ဖျား၊ ကံတော်၊ ဆပ်ပြာကျင်း စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။