မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီးမှာ ဇူလိုင် ၂၇ ရက်နေ့ နေ့ခင်း ၂ နာရီဝန်းကျင်က GTC နည်းပညာကျောင်းအနီးမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတဦး သေဆုံးခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ ဖောက်ခွဲရေးတာဝန်ခံ ကို zero က ပြောပါတယ်။
GTC နည်းပညာကျောင်းအနီးမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကိုက် ၁၀၀ ဝန်းကျင်မှာ မိုင်းဆင်ထားတဲ့ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး စစ်သားတဦးက အဆိုပါဆိုင်ကယ်ကို စစ်ဆေးရေးဂိတ်ထဲကို ယူဆောင်သွားပြီးနောက် ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။
“ဆိုင်ကယ်တူးဘောက်ကို လှပ်လိုက်တာနဲ့ ပေါက်ကွဲအောင် မိုင်းဆင်ထားခဲ့တာပါ၊ ဆိုင်ကယ်တူးဘောက်ကို ဖွင့်လိုက်တဲ့ စစ်သားက နေရာတင် အသားစတွေလွင့်သွားတာ၊ အနီးအနားက ၅ ယောက်လောက် ထိတယ်။ ဆိုင်ကယ်နဲ့ မိုင်းဖိုးရောဆို ၁၀ နားလောက် ကပ်သွားတာ၊ ဆက်လုပ်ဖို့ လက်နက်ခဲယမ်းဖိုး လိုအပ်နေပါတယ်” လို့ ဖောက်ခွဲရေးတာဝန်ခံကို Zero ကပြောပါတယ်။
GTC နည်းပညာကျောင်းအနီးက စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ချိန် ခရီးသည်တင် Express ကားတစီးကို မိုင်းထိမှန်ခဲ့တာကြောင့် တောင်းပန်ကြောင်း Yesagyo Revolution Group က တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ ဖောက်ခွဲမှုကို ကြိုးမိန့်ပေးခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် သွေးကြွေးရယူပေးတာလို့ ပြောပါတယ်။
Yesagyo Revolution Group နဲ့ မဟာမိတ်ညီနောင်အဖွဲ့များ Urban Underground Revolution Force -UURF / Shwe Nyar Myae - PDF နဲ့ Zarmani Blood Guerilla Army - Myaing အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။