ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်တပ်က သေဒဏ်စီရင်မှုဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဒေါသစိတ်နဲ့ ပြည်တွင်းစစ်ကို ပိုမို ပြင်းထန်စေမှာဖြစ်ပြီး ဖြစ်ပေါ်လာမယ့် နောက်တွဲ ပြဿနာ အားလုံးကို စစ်ကောင်စီက တာဝန်ယူရမယ်လို့ ညီနောင်မဟာမိတ် တိုင်းရင်သားလက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
နိုင်ငံရေး အမြင်မတူတဲ့ ပုဂ္ဂိုလ် ၄ ဦး ကို စစ်ကောင်စီက သေဒဏ် စီရင်ဆောင်ရွက်လိုက်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းစဉ်နဲ့ လုံးဝ ဆန့်ကျင်နေတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ MNDAA မဟာမိတ် ၃ ဖွဲ့က ဇူလိုင် ၂၇ ရက်နေ့စွဲနဲ့ ပူးတွဲ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒါ့အပြင် အခုလို စီရင်တာဟာ ကမ္ဘာ့နိုင်ငံရေးရဲ့ စံထားချက်တွေနဲ့ ဆန့်ကျင်နေသလို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေး အခွင့်အရေး သဘောတူညီချက်တွေကို ဆိုးဝါးစွာ ချိုးဖောက်နေတာ ဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။
သေဒဏ်စီရင်ခြင်းခံရတဲ့ မိသားစု၊ ဆွေးမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရပြီး စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြင်ထန်စွာ ရှုတ်ချကြောင်းလည်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။