ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟင်္သာတမြို့နယ်မှာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဉ်းဦးစီးဂိတ်၊ ရဲစခန်းနဲ့ အကျဉ်းဦးစီးထောင့်ကြား နေရာတွေမှာ မိုင်း နှစ်လုံးစီ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “မိုင်းခွဲမှုတွေပြုလုပ်ပြီး ပြန်ထွက်လာချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာမျိုးတွေတော့ရှိတယ်၊ ထိခိုက်တာမျိုးတော့မရှိဘူး။ သူတို့က ဆက်လိုက်လာတော့ ကြိုမိုင်းထောင်ထားတဲ့နေရာ ဝင်လာလို့ ခွဲလိုက်ချိန်မှာ စစ်သားနဲ့ ရဲတွေ ထိခိုက်တာမျိုးရှိမယ်” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ဘေးကင်းလုံခြုံတဲ့နေရာ ပြန်ရောက်နေပြီဖြစ်ပေမဲ့ ညပိုင်းက ပစ်ခတ်မှုတွေကြောင့် အထိတ်တလန့်ဖြစ်ခဲ့တဲ့ ပြည်သူတွေကိုလည်း တောင်းပန်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ နောက်ပိုင်း စစ်ကောင်စီနဲ့ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေ၊ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ဝေးဝေးမှာနေပေးဖို့ သတိပေး မေတ္တာရပ်ခံထားပါတယ်။
အလားတူ ဇူလိုင် ၂၆ ရက်ညပိုင်း ၈ နာရီ ၂၀ လောက်မှာလည်း ဒေးဒရဲတံတားအဆင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဗုံး နှစ်လုံးခွဲပြီး တိုက်ခိုက် ခဲ့ပါတယ်။