ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ လွယ်ဆမ်ဆစ်တောင်ခြေ၊ မန်နောင်ရွာအနီး ယူကလစ်တောမှာ ဇူလိုင် ၂၅ ရက် မနက် ၇ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၄၊ တပ်ရင်း ၂၉ တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ အသက် ၃ နှစ်အရွယ် ကလေးငယ် တဦး ဦးခေါင်းမှာ ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒဏ်ရာရသူကိုကူညီပေးသူ တဦးကက "၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ခေါင်းမှာ လက်နက်ကျည်စ ထိမှန်လို့ ဆေးရုံမှာ။ အခြေအနေ စိုးရိမ်ရတယ်။" လို့ ပြောပါတယ်။
လွယ်ဆမ်ဆစ်တောင်ခြေ မန်နောင်ရွာမှာ စစ်ကောင်စီတပ်တွေရှိနေတဲ့အချိန် ကေအိုင်အေဘက်က လာပစ်တာလို့ အဲဒီဒေသခံက ဆိုပါတယ်။
တိုက်ပွဲက မနက် ၇ နာရီ ကျော်လောက်က ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ် မသိရသေးပဲ စစ်ကောင်စီဘက်က ကား ၅ စီးလောက် လာရောက်ပြီး ပြန်လှည့် လာတာတွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
"စစ်ကောင်စီတပ်က ထိခိုက်သူတွေကို သိန္နီတပ်ဘက် နှစ်ခေါက်တင်သွားပြီ။ တော်တော်တော့ ထိတယ်။" လို့ ကေအိုင်အေ ရှေ့တန်း စစ်သည်တဦးက ပြောပါတယ်။
ဇူလိုင် ၁၆ ရက်ကလည်း စီစီဝမ်တောင်အနီး နွားလဘို့ တောင်ခြေမှာ အသက် ၉ နှစ်ကျော် အရွယ် ကျွဲကျောင်းသားကလေး တယောက် မိုင်းနင်းမိ သေဆုံးခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေထဲမှာ လတ်တလော စစ်ကောင်စီတပ် နဲ့ ကေအိုင်အေတို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။