ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဇူလိုင် ၂၄ ရက် ညနေပိုင်းက နေအိမ်တအိမ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် နှစ်ယောက် သေဆုံးပြီး သုံးယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၃၀ ရပ်ကွက် မြသီရိ ၁ လမ်းက နေအိမ်တလုံးကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် နှစ်ဖက် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ညနေ ၃ နာရီခွဲလောက်က စစ်တပ်က ဝင်စီးတာ။ ပစ်သတ်ခတ်သံတွေလည်း ဆူညံနေတာပဲ။ အချက် ၅၀ လောက်ရှိမယ်။ ၂ ဦး သေတာ တွေ့တယ်။ လူနာတင်ကားနဲ့ လာတင်သွားတယ်။ သုံးယောက် ဖမ်းခံရတယ်” လို့ ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ဘယ်သူတွေဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ရဲနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။