( ၁ )
နေရောင်ခြည်တွေ တစမကျန် ပျောက်ကွယ်သွားတဲ့အချိန်အထိ ကျောက်တုံးတစ်ခုပေါ် ကျနော် ထိုင်နေခဲ့ပါတယ်။
တနေ့လုံး လူတွေ ဥဒဟို သွားလာနေခဲ့တဲ့ ဧရာဝတီမြစ်အစ ကမ်းခြေသောင်ပြင်ပေါ်မှာ အခုတော့ လူတစ်ယောက်မှ မရှိတော့ပါဘူး။
မေခ၊ မလိခ မြစ်နှစ်မြွှာဆုံရာနဲ့ မလှမ်းမကမ်း သောင်စပ်မှာရပ်ထားတဲ့ စက်လှေနှစ်စင်းဆီက မီးရောင်လဲ့လဲ့ မြင်နေရပါတယ်။ မြစ်နှစ်မြွှာဆုံရာ ရေလယ်ကောင်လောက်ဆီက ကျောက်ဆောင်ကို ရေတိုးနေတဲ့အသံကိုလည်း အတိုင်းသား ကြားလာရပါတယ်။
ကျနော့်စိတ်ထဲ ကျောက်ဆောင်တွေကို ရေတိုးလို့ ကြားလာရတဲ့ ရေသံပင်လျှင် ထူးခြားညင်သာလွန်းလှတယ်လို့ ထင်မိပါတယ်။ မြစ်တစ်စင်းကို မွေးဖွားလိုက်တဲ့ နေရာတစ်ခုရဲ့ ငြိမ်းချမ်းဆန်းသစ်မှု တည်ငြိမ်အေးချမ်းမှုနဲ့ မိုင်ထောင်ချီခရီးနှင်တော့မယ့် ငြိမ်းချမ်းရေးခရီးသည် မြစ်တစ်စင်းရဲ့ တေးသံလေများလားလို့လည်း စိတ်ထဲကြည်နူးလိုက်မိပါသေးတယ်။
အစတုန်းကတော့ ညရောက်လာရင် ချမ်းလာတော့မှာပဲဆိုတဲ့ အသိနဲ့ လိုလိုမည်မည် အနွေးထည်ယူလာခဲ့ပေမယ့် ကမ်းခြေပေါ် တိုက်ခတ်လာနေတဲ့ လေသည်ပင်လျှင် ရေငွေ့ကြောင့်ပဲ ထင်ပါရဲ့ နွေးနေပါတယ်။ ခပ်ဝေးဝေး ကမ်းပါးယံကုန်းမြင့်နဲ့ ကုန်းမြင့်အောက်တည့်တည့် တန်းစီနေတဲ့ ဈေးဆိုင်တွေဆီက မီးရောင်တွေတွေ့ရပါတယ်။ ဈေးဆိုင်တန်းတွေ ထိပ်နားလောက်ဆီက ဘုရားစေတီဟာလည်း မီးရောင်တွေ ထိန်နေတာ တွေ့ရပါတယ်။
သည်နေရာကလေးဟာ ကျနော် ငယ်စဉ်ကတည်းက အိပ်မက်ထဲအထိ ထည့်မက်ခဲ့ရတဲ့နေရာပါပဲ။ မေခ၊ မလိခ မြစ်နှစ်မြွှာဆုံရာ နေရာမှာ တစ်ညလောက်လာပြီး အိပ်ချင်စမ်းပါဘိဆိုတဲ့အိပ်မက်ဟာ အခုတော့ အသက်အရွယ်အိုမင်းလာချိန်ကြမှပဲ ကြုံရပါတော့တယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကျနော့်ရဲ့ ငယ်အိပ်မက်လည်း ဖြစ်ပြန် ထူးခြားဆန်းသစ်တဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာမို့ အခုလို အချိန်တွေနှောင်းမှ ရောက်လာထိတွေ့ရသည့်တိုင် ကျနော် ကျေနပ်ပါတယ်။ အထူးသဖြင့် ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ ကျနော့်အိပ်မက်ထဲက မြစ်တစင်းရဲ့အစ၊ ကျနော်တို့ တမျိုးသားလုံးအတွက် သဘာဝတရားကြီးကပေးတဲ့ အမျိုးသားပိုင်မြစ်ကြီးတစ်စင်းရဲ့အစမှာ တစ်ညတာ အိပ်ခွင့်ရတဲ့သဘောမို့ ကျနော် ပျော်ပါတယ်။ ဒါ့အပြင် ဒေသခံ ကချင်တိုင်းရင်းသားများက မိန်းမတောင်းခြင်း မင်္ဂလာဆောင်ခြင်းပြုကြတဲ့အခါ သည် မေခ၊ မလိခ မြစ်နှစ်မြွှာကိုပဲ တိုင်တည်ပြီးမှ လက်တန်းကဗျာလင်္ကာတွေ ရွတ်ဆိုကြလေ့ရှိတယ်ဆိုတာကို သွားတွေးမိတော့ ကျနော့်မှာ တကိုယ်လုံး သွေးများဆူပွက်လာတဲ့အထိ စိတ်လှုပ်ရှား ရင်ခုန်ရပြန်ပါတော့တယ်။
( ၂ )
မေခနဲ့ မလိခ မြစ်ဆုံနေရာကလေးဟာ စာဖွဲ့ဖို့ မလုံလောက်အောင်ကိုပဲ လှပပြီး သစ်လွင်လွန်းပါတယ်။ ဒါ့အပြင် မြစ်နှစ်စင်း ပေါင်းဆုံမိတဲ့ ဒီနေရာမှာပဲ ကျနော်တို့တနိုင်ငံလုံး ကျနော်တို့တမျိုးသားလုံးရဲ့ ရင်နှစ်သည်းချာလို့ဆိုရမယ့် ဧရာဝတီမြစ်ကြီး စတင်အသက်ဝင်လာတဲ့ နေရာ ဖြစ်တာရယ်၊ သူ့မှာ ထူးခြားလေးနက်တဲ့ အင်္ဂါရပ်တွေရယ်ကြောင့် ဒီမြစ်ဆုံနေရာဟာ ဒီနိုင်ငံရဲ့ အခြားနေရာအသီးသီးထက်ပိုပြီး ကျနော် စိတ်ဝင်စားနေမိတာများလားလို့လည်း တွေးမိပါတယ်။
ဧရာဝတီမြစ်ဟာ ကျနော်တို့နိုင်ငံရဲ့ မြောက်ပိုင်းအဖျား ဒီနေရာကနေပြီး တောင်ပိုင်း ဘင်္ဂလားပင်လယ်အော်အထိ မိုင်ပေါင်း ၁၃၀၀ ကျော် စီးဆင်းသွားနေတဲ့ မြစ်ကြီးတစ်စင်းပါ။ သင်္သကရိုက်တဘာသာအရ ဆိုရင် တချိန်တုန်းက ဒီမြစ်ကို “ဆင်မြစ်’လို့ အမည်တွင်ခဲ့ပါသေးတယ်။ ကမ္ဘာကြီးပေါ်က အရှည်လျားဆုံးမြစ်တွေထဲမှာ ဆယ်စင်းမြောက် မြစ်တစ်စင်း ဖြစ်ပါတယ်။
ဒီမြစ်နဲ့ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောဖူးတဲ့စကားအရ ပြောရရင် ကမ္ဘာပေါ်မှာရှိတဲ့ မြစ်အားလုံးဟာ အချက်သုံးချက်အနက် တစ်ချက်ချက်အပေါ် မူတည်စီးဆင်း ရှင်သန်ရတယ်လို့ ဆိုပါတယ်။ ပထမအချက်က ရေခဲတောင်များမှ အရည်ပျော်ကျတဲ့ရေနဲ့ ရှင်သန်ရခြင်း၊ ဒုတိယအချက်ကတော့ မိုးရေနဲ့ ရှင်သန်ရတဲ့ မြစ်အမျိုးအစားဖြစ်ပြီး တတိယအချက်ကတော့ ရေအောက်ရေလမ်းကြောင်းများကို အားပြုစီးဆင်းရတဲ့မြစ် ဆိုပြီး မြစ်အမျိုးအစား သုံးမျိုးရှိတယ်လို့ ဆိုပါတယ်။
ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကတော့ သဘာဝကပေးတဲ့ မြစ်အမျိုးအစားထဲမှာ ကံကောင်းထောက်မစွာပဲ အချက် နှစ်ချက်အပေါ် မူတည်စီးဆင်းတဲ့ မြစ်ကြီးတစ်စင်း ဖြစ်နေတာ သွားတွေ့ရပါတယ်။ ဟိမဝန္တာရေခဲတောင်ကြီးက အရည်ပျော်စီးဆင်းတဲ့ရေနဲ့ မြေအောက်သဘာဝ ရေစီးကြောင်းများကြောင့်လည်း နွေ မိုး ဆောင်း ရေမပြတ်တဲ့ အင်မတန်ထူးခြားကံကောင်းတဲ့ အချက်နှစ်ချက်အပေါ် မူတည်စီးဆင်းတဲ့မြစ်ပါပဲ။
ဒါ့အပြင် ဒီမြစ်ဟာ ကျနော်တို့ အမျိုးသားတစ်ဦးတည်းပိုင် မြစ်ကြီးပါပဲ။ ဥပမာ မဲခေါင်မြစ် ဆိုပါစို့။ ဗီယက်နမ်၊ လာအိုနဲ့ တရုတ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းတာဖြစ်လို့ သုံးနိုင်ငံ ခွဲပြီးပိုင်တဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကတော့ မြစ်အစ မြစ်အဆုံး ကျနော်တို့ နိုင်ငံအတွင်းမှာပဲ ရှိနေတာမို့ ကျနော်တို့ရဲ့ အမျိုးသားပိုင်မြစ်ကြီးတစ်စင်းပါပဲ။
ဒီလို တွေးမိတဲ့အခါ ဧရာဝတီမြစ်ကြီးကို လွတ်လွတ်လပ်လပ် ပိုင်ဆိုင်ခွင့်ရတဲ့ ကျနော်တို့ တမျိုးသားလုံးရဲ့ ကံဇာတာကို အံ့သြကြေနပ်မိပါတယ်။ ဂုဏ်ယူလေးနက်မိပါတယ်။ ဒီမြစ်ကြီးရဲ့ မြစ်ကမ်း မြစ်ဝှမ်းတွေမှာ ကျနော်တို့တမျိုးသားလုံးရဲ့ သမိုင်းဖြစ်ရပ်တွေ၊ မြို့ပြ တည်ထောင်ဖြစ်ထွန်းခဲ့မှုတွေဟာ အံ့မခန်းလောက်အောင် ကမ္ဘာကြီးက လေးစားရလောက်အောင် ရှိခဲ့ကြတာကို သွားတွေးမိပါတယ်။
အမေရိကန်လူမည်းခေါင်းဆောင် ဒေါက်တာလူမွန်းဘားရဲ့ စကားတစ်ခုကို သတိရပြန်ပါတယ်။ သူက ငါ့မှာ အိပ်မက်တစ်ခုရှိတယ်ဆိုတဲ့စကား ပြောသွားခဲ့ပါတယ်။ ကမ္ဘာကြီးပေါ်မှာ အသားအရောင် ခွဲခြားဆက်ဆံတဲ့ခေတ်ကြီးကို နိဂုံးချုပ်စေရမယ်လို့ သူက အိပ်မက်မက်ခဲ့တာပါ။ အဲဒီအိပ်မက်ကို သူ တကယ်ပဲ အကောင်အထည်ဖော်ခဲ့ပါတယ်။
ကျနော်လည်းပဲ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ကလေးတစ်ခုကို အသက်အရွယ် အိုမင်းလာတဲ့အချိန် မသေခင် အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ကျနော် မက်ခဲ့ဖူးတဲ့ အိပ်မက်ကတော့ “မေခ မလိခမြစ်ဆုံမှာ တစ်ညလောက် အိပ်ချင်တယ်”ဆိုတဲ့အိပ်မက်ပါပဲ။
အခုတော့ ကျနော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီပေါ့။ မေခ မလိခမြစ်ဆုံမှာ တစ်ညတာ အိပ်စက်ခွင့်ရခဲ့ပြီပေါ့။ မေခ၊ မေလိခမြစ်ဆုံမှာ မွေးဖွားရှင်သန်လာတဲ့ အမိဧရာဝတီမြစ်ကြီးရဲ့ အသက်ဝင်စတင် အသက်ရှူသံကို နားထောင်ခွင့်ရခဲ့ပြီပေါ့။
( ၄ )
မေခ မေလိခ မြစ်နှစ်မြွှာ ဆုံစည်းရာ၊ အမိဧရာဝတီမြစ်ကြီး စတင်အသက်ဝင်ရာ ဒီနေရာမှာ အခုတော့ သဘာဝအခင်းအကျင်းတွေ၊ သဘာဝအရင်းအမြစ်တွေ၊ သဘာဝကပေးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကျိုးတွေဟာ ဒီနေရာမှာ လတ်လတ်ဆတ်ဆတ်ကြီး ရှိနေပါသေးတယ်။
ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့၊ ဒီလို တမျိုးသားလုံးအတွက် ဂုဏ်ယူဖွယ်လည်းဖြစ် အားကိုးရာလည်း ဖြစ်တဲ့ မြစ်တစ်စင်း တန်ဖိုးမဲ့ရလေအောင်၊ ကျနော်တို့တမျိုးသားလုံးရဲ့ ဂုဏ်အင်္ဂါကို ထိခိုက်ပွန်းပဲ့ရလောက်အောင် မလုပ်မိကြဖို့ကတော့ ဒီကနေ့ ကျနော်တို့မျိုးဆက်ရဲ့ မဟာတာဝန်ပဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးကို ဘယ်လိုအကျိုးစီးပွားနဲ့မှ အလဲအလှယ်လုပ်ပြီး ပျက်စီးအောင် မလုပ်မိကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။
အခုတော့ အဲဒီမြစ်ဆုံမှာ ကမ္ဘာပေါ်မှာ ဆယ်ခုမြောက် အကြီးမားဆုံး ရေအားလျှပ်စစ်စက်ရုံကြီး ဆောက်ဖို့အတွက် ရေကာတာကြီးတွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ကိစ္စက ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုး ဒီလိုအလုပ်မျိုးကို လုပ်ကြမယ်ဆိုရင် ဒီလုပ်ငန်းဟာ အမျိုးသားသွေဖည်မှုကြီး တစ်ခုဖြစ်တယ်လို့ပဲ ယူဆဆန့်ကျင်ကြရမှာပါပဲ။
မေခ၊ မလိခ ဖြစ်နှစ်မြွှာဆုံရာ၊ အမိဧရာဝတီမြစ်ကြီး စတင်မွေးဖွားရှင်သန်ရာ ဒီနေရာ ကမ္ဘာတည်သရွေ့ ရှင်သန်တည်မြဲပါစေ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
မြစ်ဆုံတွင် တစ်ညတာတည်းခိုအိပ်စက်ခွင့်ပြုခဲ့တဲ့ သံယောဇဉ်မြစ်ဆုံစားသောက်ဆိုင်မိသားစုအား ကျေးဇူးတင်မှတ်တမ်းပြုအပ်ပါတယ်ခင်ဗျား။