ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာသား ရှစ်ယောက်နဲ့ ကျောက်ဖြူမြို့ ဇင်ချောင်းကျေးရွာသား တယောက်ကို ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်မှုတွေ ရှိတယ်ဆို ပြီး ဇူလိုင် ၂၁ ရက်က ကျောက်ဖြူခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးပေးတဲ့ ရှေ့နေက ပြောပါတယ်။
ထောင်ဒဏ်ချမှတ် ခံလိုက်ရသူတွေဟာ ရမ်းဗြဲမြို့နယ် အလယ်ကျောင်းကျေးရွာက ဦးငလုံးအောင်၊ ဦးညီညီဇော်၊ ရဲကိုနိုင် ၊ ဦးထွန်းဝင်း၊ မောင်ချမ်းငြိမ်း၊ မောင်မြင့်ထွန်း၊ ဦးဇော်လွင်နဲ့ မောင်မျိုးဝင်းနဲ့ ကျောက်ဖြူမြို့နယ် ဇင်ချောင်ကျေးရွာက ကိုဝင်းနိုင်တို့ ဖြစ်ကြပါတယ်။
အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက “ဒီနေ့မှာတော့ ရမ်းဗြဲ အလယ်ချောင်းက ရှစ်ဦးနဲ့ ကျောက်ဖြူ ဇင်ချောင်းက တစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်။ ဇင်ချောင်းက တစ်ယောက်ကတော့ စွဲချက်တင်တဲ့အခါ ပုဒ်မ ၅၀(ဈ)နဲ့ တင်ထားပေမဲ့ ၅၂(က)နဲ့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်။ ချုပ်ရက်တွေကိုတော့ တစ်ပေါင်းတည်း ခံစားခွင့်ပေးထားတယ်”လို့ ပြောပါတယ်။
အခုလို ထောင်ဒဏ်ချမှတ်တာဟာ မတရားခံရတာလို့ ဇင်ချောင်းကျေးရွာနေ ကိုဝင်းနိုင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ သူ ၉ ယောက်ကို ၂၀၂၀ ဇူလိုင်လက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သြဂုတ် ၃ ရက်မှာ ကျောက်ဖြူမြို့ အခြေစိုက် ခလရ ၃၄ တပ်ရင်းက ဗိုလ်ကြီး အောင်ဖြိုးဦးက တရားလိုလုပ်ကာ ကျောက်ဖြူခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)(ဈ)(ည)နဲ့ ၅၂(က)တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။