စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲငယ်တွေကို ဇူလိုင် ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က လိုက်လံမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဘန့်ဘွေးတောပြင်မှာရှိတဲ့ စစ်ရှောင်တဲငယ် ၁၂ လုံး မီးလောင်ပြာကျသွားခဲ့ပြီး အဲဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့အဖွဲ့ဟာ ဘန့်ဘွေးရွာမ(ဒေသခေါ် ပျူစောထီးရွာ)မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
အဆိုပါ တဲငယ်တွေမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ နေအိမ်အဆောက်အဦတွေ မီးရှို့ဖျက်ဆီးမှုကြောင့် နေစရာအိမ်မရှိတော့လို့ တဲထိုးနေကြရတဲ့ပြည်သူတွေပါဝင်သလို အနီးနားရှိကျေးရွာတွေကနေ နေအိမ်စွန့်ခွာ ရှောင်တိမ်းနေကြတဲ့ပြည်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလိုတဲတွေ ထပ်မံ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ တည်းခိုစရာမရှိတော့ဘဲ ဖြစ်သလို နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ရှောင်နေတဲ့ပြည်သူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး သူတို့နေထိုင်တဲ့ ဘန့်ဘွေ့ရွာမအတွင်း ခေါ်ယူကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။