စစ်ကောင်စီတပ်ဟာ ကုန်းကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်အကျအဆုံး များလာတာကြောင့် လတ်တလောမှာ လေကြောင်းနဲ့ရေကြောင်းကို အားထားတိုက်ခိုက်လာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတာ၊ စားနပ်ရိက္ခာ သယ်ယူတာနဲ့ ကျေးရွာတပ်စွဲဖို့ ဆောင်ရွက်ရာတွေမှာ ရေကြောင်းကို အားထားအသုံးပြုလာတယ်လို့ Farmers Revolution Force (CHU) တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့သုံးသပ်ကြည့်ရတာက ကုန်းလမ်းမပေါ်မှာ သူတို့နည်းနည်းလေး အကျအဆုံးများနေတယ်။ အဲလိုများနေတော့ သူတို့တွေ ရေလမ်းကနေ လမ်းကြောင်းပြောင်းပြီးတော့ သူတို့ အသွားအလာတွေပေါ့လေ၊ လက်နက်ကြီး၊ လက်နက်ငယ်၊ စားနပ်ရိက္ခာ အဲလိုရေကြောင်းကနေ အလုပ်လုပ်တယ်လို့ယူဆရတယ်။”
ဒါ့ကြောင့် လတ်တလောမှာ စစ်ကောင်စီ စစ်သင်္ဘောတွေ သွားလာရာ မြစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ရေကြောင်းအပြင် လေကြောင်း အသုံးပြုပြီးတော့လည်း တိုက်ခိုက်လာနေပြီး ဇူလိုင်လအတွင်းမှာ မြောင်၊ ရေစကြိုနဲ့ ရွှေဘိုခရိုင်အတွင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့လတွေကထက် လေယာဉ်နဲ့ပစ်ခတ်တာ ဗုံးကြဲတိုက်ခိုက်တာတွေကို ခပ်ဆိတ်ဆိတ်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဉ်နဲ့က အခုဟာက ဒီတိုင်းကြီးပဲ ဘလိုင်းကြီး ဝင်ဝင်ပစ်၊ ဝင်ဝင်ပြီးတော့ချပစ်တယ်၊ အဲလိုတွေလုပ်နေတာ” လို့ ဒီပဲယင်းမြို့ခံတဦးက ပြောပါတယ်။
လက်ရှိမှာ မြစ်ရေကြီးနေချိန်လည်း ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေ အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သင်္ဘောတွေ၊ ရေယာဉ်တွေနဲ့ မြစ်ကြောင်းနံဘေး ကပ်လျက်က ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်တာ၊ ရေလယ်ခေါင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ် ဒေသခံတဦးက “ရေကြောင်းဘက်က လာတာပိုများလာတယ်၊ ကုလား မလက်ကောက်ကျ အဲဒါတော့ ရွှေဘိုနယ်ဘက်ရောက်သွားပြီ။ ကုလားမလက်ကောက်ကျကလည်း မြစ်ရိုးတလျှောက်ဆိုတော့ အဲဒီမှာလည်း သူတို့ ခက်တင်ဘက်ကနေ ခက်တင်တို့၊ ဟင်းသာကြီးတို့ဘက်ကနေ မော်တော်တွေနဲ့လာတယ်၊ ပြီးလို့ရှိရင် နွားတွေ၊ ဝက်တွေ၊ ဆိတ်တွေ၊ ကြက်တွေ ရွာမီးရှို့ပြီးတော့ ပစ္စည်းတွေအကုန်တင် ထွန်စက်ကစ အကုန်လုံးသယ်ကြတာ။ သူတို့ရသမျှ အကုန်ဘယ်လိုပြောမလဲ ဖိနပ်ကအစအကုန် သူတို့ဖိနပ်တွေနဲ့ လဲစီးသွားကြတာ၊ အိမ်မှာထားထားတဲ့ ဖိနပ်တွေ အကုန်ပါတာပဲ။ ဆန်ဆီ အကြွေးယူထားတဲ့ ဆန်ဆီတွေကအစ အကုန်ရိက္ခာခြောက်တွေရော အကုန်ယူသွားကြတာ၊ ဆိုးတာတော့ တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ရေကြောင်း လေကြောင်းကနေ ပစ်ခတ်ခံရတဲ့ ကျေးရွာတွေအနေနဲ့ မြစ်ရေကြီးချိန် ဖြစ်နေတာကြောင့် စစ်ဘေးတိမ်းရှောင်ရာမှာ စက်လှေတွေနဲ့ တိမ်းရှောင်နေရပြီး တချို့ မြစ်ကမ်းနံဘေးကျေးရွာက ဒေသခံတွေ ကျေးရွာ ပြန်မနေရဲကြတာကြောင့် စားဝတ်နေရေး အခက်အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။