စစ်ကောင်စီက ရုပ်ရှင်ရုံတွေကို ဧပြီလ ၁၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပေမယ့် စတင်ဖွင့်လှစ်တဲ့အချိန်ကလည်း ကြည့်ရှုမယ့်သူမရှိသလို အများပြည်သူရုံးပိတ်ရက်တွေမှာလည်း ရုပ်ရှင်ကြည့်သူမရှိတာ ဒီနေ့နဲ့ဆိုရင် သုံးလကျော်အထိရှိလာပြီဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ ရုပ်ရှင်ရုံတွေများစွာထဲက နာမည်ကြီး ရုပ်ရှင်ရုံတွေဖြစ်ပြီး လူကြည့်အများဆုံးရုပ်ရှင်ရုံတွေဖြစ်တဲ့ သမ္မတ၊ နေပြည်တော်၊ သွင်၊ ရှေ့ဆောင်၊ မင်္ဂလာ စတဲ့ ရုပ်ရှင်ရုံတွေကိုသာ ပြန်လည်ဖွင့်လှစ်ထားပြီး နာမည်ကြီးရုပ်ရှင်ရုံတခုဖြစ်တဲ့ နဝဒေးရုပ်ရှင်ရုံကတော့ ဒီနေ့အထိ ပိတ်ထားဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်စဥ်က ရန်ကုန်မှာ လျှပ်စစ်မီးမမှန်တဲ့ ပြဿနာ၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှုတွေနဲ့အတူ လာရောက်ကြည့်ရှုသူမရှိတာကြောင့် ရုပ်ရှင်ရုံပိုင်ရှင်တွေအနေနဲ့ လုပ်ငန်းအရှုံးပေါ်ပြီး ခေတ္တပြန်လည်ပိတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီကတော့ ပိတ်ခွင့်မပေးခဲ့ပါဘူး။
ရုပ်ရှင်ရုံတွေကို ပြည်သူ့အစိုးရလက်ထက်က ကိုဗစ် ၁၉ ရောဂါကူးစက်နေချိန်ဖြစ်တဲ့အတွက် ၂ နှစ်နီးပါး ပိတ်သိမ်းခဲ့ကာ အာဏာသိမ်းပြီးတဲ့နောက် တနှစ်လောက်အကြာမှာ ပြည်သူလူထု ပုံမှန်လည်ပတ်နေပြီဆိုတဲ့ ပုံရိပ်တွေကို ပြသချင်တာကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းတွေကို လျော့ချပြီး လူ ၄၀၀ အထိ စုဝေးနိုင်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ကာ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်စေခဲ့တာဖြစ်ပါတယ်။