စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ နှောင့်ယှက်မှုနဲ့ စိုက်ပျိုးစရိတ် ကြီးမြင့်မှုတွေကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှမ်းစိုက်တောင်သူ အမျိုးသမီးတဦးက “စစ်ကောင်စီတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အင်မတန်ကြမ်းကြုတ်ရက်စက်ပြီး လုပ်ငန်းပိုင်းမှာလည်း ဘာတခုမှ အောင်မြင်အောင်လုပ်ကိုင်လို့ မရဖြစ်နေတယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူတွေ့ရင် သတ်ဖြတ်တာ၊ ရွာတွေကိုမီးရှို့တာနဲ့ ငယ်ရွယ်တဲ့သူတွေ့ရင်လည်း နှိပ်စက်သတ်ဖြတ်ကြတယ်၊ လုပ်ငန်းခွင်တွေလုပ်ရတာ ကျီးလန့်စာစား လုပ်ကိုင်နေရတယ်။ ဟိုကြည့်ရ ဒီနားစွန့်ရနဲ့ လုံခြုံစိတ်ချစွာလုပ်ကိုင်လို့မရဘူး” လို့ ပြောပါတယ်။
ဒေသခံ လယ်လုပ်သားတဦးက “အရင်က တယောက်စိုက်လုပ်အားခ ၅,၀၀၀ ကျပ်ရရှိခဲ့ပေမယ့် အခု ၃,၀၀၀ ကျပ်ပဲရတဲ့ အနေအထားတောင်မှ ဖြောင့်ဖြောင့်တန်းတန်းမလုပ်ရဘဲ စစ်သားတွေ လာပြီဆိုရင် လုပ်ကိုင်ရင်းနဲ့လည်း ပြေးကြရတာကြောင့် လုပ်ကိုင်စားသောက်ရတာ ကျပ်တည်းတယ်၊ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရင်တော့ နေထိုင်ရေးမှာ စိတ်ပျော်ရွှင်မှု ရလာနိုင်သလို စီးပွားရေးလည်း တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေနိုင်မယ်” လို့ ပြောပါတယ်။
စိုက်ပျိုးစရိတ်နဲ့ပတ်သက်ပြီး တောင်သူဦးကြီးတယောက်က “ကိုယ့်ဝမ်းစာလေး စားဖို့ဖို့ စိုက်ပျိုးလုပ်ကိုင်နေကြရတာဖြစ်ပြီး စိုက်ပျိုးစရိတ်တွေ ကြီးမြင့်မှုကြောင့် အရှုံးပေါ်မှာများမယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ တောင်သူတွေအတွက် ဓာတ်မြေသြဇာဝယ်ယူဖို့ အခက်အခဲရှိနေသလို စျေးနှုန်းကလည်း စစ်အာဏာမသိမ်းခင်က ၁ အိတ် ၂၀,၀၀၀ ကျပ် ဝန်းကျင်ပေါက်စျေးရှိတဲ့ ဓာတ်မြေသြဇာဟာက အခု ၈၀,၀၀၀ ကျပ်ဝန်းကျင်ထိ စျေးရှိနေတာကြောင့် သဘာဝမြေသြဖြစ်တဲ့ နွားချေး၊ ဆိတ်ချေး၊ ငုံးချေးတို့ကို အစားထိုး သုံးစွဲနေကြတာတွေလည်း ရှိကြောင်း၊ စိုက်ပျိုးရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတချို့ကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ ဖျက်ဆီးမှုတွေကြောင့် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။