ရှမ်း- ကယားနယ်စပ်၊ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စနိုက်ပါသမား ၁ ဦးကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ မနက် ၈ နာရီခွဲလောက်က စည်ကားရပ်ကွက်နဲ့ ကုန်းဆုံကျေးရွာကြားမှာ မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၂ နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သစ်ပင်ပေါ် နေရာယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါသမား ၁ ဦးအား ပစ်ချနိုင်ခဲ့တာလို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းအချိန် မိုးဗြဲမြို့တိုက်ပွဲအတွင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၁ ဦး လည်ပင်း ကျည်ထိမှန်သေဆုံးပြီး တဦးက ပခုံးကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ Mobye PDF၊ Pekhon PDF၊ Loikaw PDF၊ KNDF နဲ့ URF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့အနေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ပြုတ်ကျသည်အထိတိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါတယ်။