စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်မြေမာန်ရပ်ကွက် ရွှေဘုံသာဘုရားကြီးအနီး လျှပ်စစ်ရုံးဝင်းအတွင်းနားမှာ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးပေါက်ကွဲတဲ့ ပတ်ဝန်းကျင်တလျှောက်မှာ စစ်ကောင်စီတပ်သားတွေကေ ဒေသခံလမ်းသွားလမ်းလာတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ စစ်ဆေးခံခဲ့ရသူတဦးက ပြောပါတယ်။
“ရွှေဘုံသာဘုရားကြီးနားက လျှပ်စစ်ရုံးအတွင်းမှာ ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားလိုက်ရတာ၊ လျှပ်စစ်ရုံးထဲမှာ စစ်သားတွေရှိတယ်။ အဲ့ဒီ ရွှေဘုံသာနားမှာလည်း စစ်သားတွေက အမြဲလိုလို ကင်းပုန်းဝပ်လေ့ရှိတယ်၊ လမ်းသွားလမ်းလာတွေကို ဆိုင်ကယ်ရပ်ခိုင်းပြီး တူးဘောက်တွေ လှန်ပြရတယ်၊ ပါလာတဲ့အထုပ်တွေ အိတ်တွေကို ဖြေပြရတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာတွေ ကြီးကြီးမားမားမရှိခဲ့ဘူးလို့ သိရပြီး အနီးနားပတ်ဝန်းကျင်က ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ဇူလိုင် ၁၉ ရက် ကျရောက်တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့မှာ စစ်ကောင်စီတပ်တွေက မြို့တွင်းနေရာအများအပြားမှာ လုံခြုံရေးရယူထားပြီး ဒေသခံလမ်းသွားလမ်းလာတွေ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။