ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ဒေသမှာ ဇူလိုင် ၁၉ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဝိုင်းမော်မြို့နယ် ဒေသခံထံက သိရပါတယ်။
နန်ဇော်ယန်ဒေသမှာ ဇူလိုင် ၁၀ ရက်ကစလို့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၉ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
နန်ဇော်ယန်ဒေသမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လဆန်းပိုင်းကနေ စစ်ရေးလှုပ်ရှားလာတာကြောင့် KIA စခန်းချထားတဲ့ ကာကင်းစခန်းတွေကို နောက်ဆုတ်ခဲ့ပေမဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဟာ နန်ဇော်ယန်ကျေးရွာဟောင်းကနေ နောက်ဆုတ်ပေးခဲ့တဲ့ KIA တပ်ဖွဲ့တွေနောက် လိုက်လံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ဝူယန်ခြေစိုက်ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ အရင်က ကချင်လွတ်မြောက်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူတွေလည်း ပါဝင်နေပြီး နယ်မြေ မကျွမ်းကျင်တဲ့ စစ်ကောင်စီတပ်သားတွေအတွက်လည်း အကူအညီဖြစ်စေတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကနေသိရပါတယ်။
တိုက်ပွဲတွေရက်ရှည်လာတာကြောင့် တောင်ယာ၊ လယ်ရာစိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ပြည်သူတွေ ဆန်၊ စပါးစိုက်ပျိုးချိန် နောက်ကျမှာ စိုးရိမ်တာကြောင့် တချို့သော ပြည်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ ထောက်ခံစာယူပြီး သွားလာ စိုက်ပျိုးနေရတာတွေ ရှိတယ်လို့ လည်း ဝိုင်းမော်မြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။