ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ တိုက်ပွဲမှာ JPDF တပ်ရင်းမှ ရဲဘော် တဦး မိုင်းနင်းမိပြီး စိုးရိမ်ဒဏ်ရာရသွားတယ်လို့ JPDF တပ်ရင်းက ပြောပါတယ်။
ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီက ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ နာရီဝက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ဆိုပါတယ်။
JPDF တပ်ရင်း တာဝန်ရှိသူက “စစ်ကောင်စီဘက်က စစ်ကြောင်း ထိုးလာတာကို ကင်းတက် ထောက်ရင်း နင်းမိုင်းထိတာ။ ခြေထောက် တဖက် ပြတ်သွားတယ်။ ဆေးဝါးကုသထားတယ်။ ဆေးရုံကတော့ နည်းနည်းဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူ နေအိမ်တွေ ကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။