ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဇူလိုင် ၁၈ ညပိုင်းက စစ်ဆေးမခံဘဲ ထွက်ပြေးတဲ့ ဆိုင်ကယ်စီးလာသူတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ် စီးနှင်းသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်စစ်သားလမ်းမကြီး ရွှေလင်ပန်းတံတားပေါ် ဆိုင်ကယ်စီးလာတဲ့ အမျိုးသား သုံးယောက်ကို စစ်ကောင်စီတပ်က စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးတာကြောင့် စစ်တပ်က ကားနဲ့ လိုက်လံပစ်ခတ်ရာ နှစ်ယောက် သေဆုံးပြီး တယောက် ဆိုင်ကယ်နဲ့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေလင်ပန်းတံတားနား နေထိုင်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက "ည ၁၁ နာရီလောက် ရွှေလင်ပန်းတံတားအဆင်းလေးမှာ ဖြစ်တာ။ သူတို့က ဆိုင်ကယ်ကို သုံးဦး စီးလာတယ်။ အဲဒါကို စစ်တပ်က ရပ်ခိုင်းတယ်။ ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးလို့ စစ်တပ်က ကားနဲ့ လိုက်ပြီး သေနတ်နဲ့ ပစ်တာ။ နောက်က လိုက်စီးတဲ့ နှစ်ဦး သေတယ်။ တယောက်ကတော့ ဆိုင်ကယ်နဲ့ မောင်းပြေးသွားတယ်” လို့ပြောပါတယ်။
ပစ်ခတ်ခံရသူ လှိုင်သာယာမြို့နယ်နေ ကိုဝေယံဆိုသူဟာ ဦးခေါင်းထိမှန်ကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကိုတိုးကြီးဆိုသူကတော့ ဝမ်းဗိုက်ကျည်ထိမှန်ခဲ့တဲ့အတွက် ဆေးကုသစဉ် သေဆုံး သွားတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၈ ရက်က လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို အမည်မသိအဖွဲ့က ကျန်စစ်သားဘုရားလမ်းအနီးမှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။