လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၆ ရပ်ကွက်မှာ မနေ့ညပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ည ၉ နာရီခွဲက အမှတ် ၆ ရပ်ကွက် ကျန်စစ်သားလမ်း စျေးလေးမှတ်တိုင်အနီးမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ရာအိမ်မှုးကို ဆိုင်ကယ်တစီးပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ထင်ကျော်လင်း လက်ဖက်ရည်ဆိုင်နားမှာ ပစ်သွားတာ။ သေ၊ မသေတော့ မသိဘူး။ ထွက်ကြည့်လို့ မရဘူး။ ပစ်ပြီး ခဏကြာတော့ စစ်တပ်နဲ့ရဲတွေ ရောက်နေပြီ” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထွန်းနဲ့ ရာအိမ်မှူး ဖိုးထူးတို့ဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ အောင်ဇေယျတံတားအဆင်းမှာ ကားတွေ၊ လူတွေကို စစ်ဆေးခဲ့သလို ကျန်စစ်သားလမ်းတောက်လျှောက် သေနတ် ပစ်ခတ်သူကို လိုက်လံရှာဖွေခဲ့တယ်လို့ ၁၅ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ရွှေလင်ဗန်းတံတားနားမှာ ပစ်ခတ်သံတွေ ကြားရတယ်။ အိမ်က အသံပဲကြားရတာ ထွက်မကြည့်ဘူး”
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထွန်းနဲ့ ရာအိမ်မှူး ဦးဖိုးထူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး သွားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသာ သိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ဘယ်အဖွဲ့ ပစ်ခတ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။
လှိုင်မြိုနယ် အမှတ် ၂ ရပ်ကွက် ဘုရင့်နောင် ၉ လမ်းမှာလည်း မနေ့မနက်ပိုင်း အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့လို့ ဗိုလ်ကြီး အောင်နိုင်ဖြိုးနဲ့ဇနီးဖြစ်သူ သေဆုံးခဲ့ပါသေးတယ်။