မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံတားအနီးမှာ ဇူလိုင် ၁၈ ရက် မနက် ၇ နာရီလောက်က ဟိုက်ဂျက်ကားတစီး တိမ်းမှောက်တာကြောင့် ၅ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ဟိုက်ဂျက်ကားဟာ သံတံတားနားမှာ ဘီးပေါက်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ် ပါ အမျိုးသမီး ၄ ယောက် နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။
ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့သူ ၃ ဦးကိုတော့ ရန်ကုန်နဲ့ သထုံဆေးရုံတွေကို ပို့ဆောင်ပေးထားပြီး ကျန် ၃ ဦးကိုတော့ ဘီးလင်းမြို့နယ် ဆေးရုံမှာ စောင့်ကြည့်ကုပေးနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဟိုက်ဂျက်ယာဉ် တိမ်းမှောက်မှုမှာ ပါဝင်သွားတဲ့သူတွေဟာ ဘီးလင်းမြို့နယ် အလူးကျေးရွာ ဒေသခံတွေဖြစ်ပြီး ကျိုက်ထိုမြို့နယ်က ရက်လည်အလှူသွားစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။
ဘီးလင်းမြို့နယ် သံတံတားအနီးမှာ ဇူလိုင် ၇ ရက်ကလည်း ကုန်တင်ကားတစီး ဘရိတ်ပေါက်ပြီး ဝင်တိုက်မိတာကြောင့် စစ်သားတဦး သေဆုံးခဲ့ပါတယ်။