Home
မြန်မာသတင်း
မြဝတီ-ဝေါ်လေကားလမ်း ပိတ်ထားသဖြင့် ဒေသခံနှင့် စစ်ရှောင်များ စားသောက်ရေး ခက်ခဲနေ
DVB
·
July 18, 2022
293832108_1129666231226982_4856353791776140695_n

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ မြဝတီ-ဝေါ်လေကားလမ်းကို စစ်ကောင်စီနဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားသောက်ရေး အခက်အခဲ ကြုံနေကြရပါတယ်။

မြဝတီ-ဝေါ်လေကားလမ်းကို ပိတ်လိုက်တဲ့အတွက် စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အပြင် ဒေသခံတွေဟာ အလုပ်အကိုင်အခွင့်အရေးတွေ ရပ်နားလိုက်ရတဲ့အတွက် စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒေသခံပြည်သူတဦးက “အရင် ပိတ်ထားတာ ၃ ရက်ရှိပြီး။ မနေ့က တရက်ဖွင့်ပေးလိုက်တယ်။ အဲဒီနေ့ပဲ မြဝတီကိုသွားတဲ့ ကားတစီးကို စစ်ကောင်စီဘက်က လမ်းမှာမိုင်းဆွဲပြီး ပစ်ခတ်လိုက်တယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး။ ကားထားပြီး ပြန်လာလိုက်တယ်။ အခု လမ်းကို နှစ်ဖက်စလုံးက ပိတ်ထားတော့ စစ်ရှောင်တွေကော၊ ဒေသခံတွေပါ စားသောက်ဖို့ အခက်အခဲတွေဖြစ်ကုန်ပြီ။ နောက်ထပ်ဘယ်နှရက်ပိတ်မလဲ မသိရသေးဘူး” လို့ ပြောပါတယ်။

ဒါအပြင် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကို ထိုင်းနယ်ခြားစောင့်တပ်တွေက  ပိတ်ထားတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဟာ  အလှူရှင်တွေရဲ့ ကူညီလှူဒါန်းတာတွေကို မရရှိတော့တဲ့အတွက် စားသောက်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ဇူလိုင် ၇ ရက်မှ စတင်ပြီး ဇူလိုင် ၁၂  ရက်နေ့အထိ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ် ( သုံးထပ်ကွေ့) မှာ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က မြဝတီ - ဝေါ်လေ ကားလမ်းမကို တစ်ဖက်သတ်ပိတ်ဆို့ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က လမ်းပိတ်ဆို့ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် မြဝတီ - ဝေါ်လေ ကားလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်က ပိတ်ဆို့ထားတဲ့ အတားအဆီးတွေ၊ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းမှာ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေက လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီ - ဝေါ်လေ ကားလမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်မှာစိုးရိမ်တဲ့အတွက်  လမ်းအပိုင်းကို ပြန်ပိတ်လိုက်တာလို့ KNDO ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက “အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တိုက်ချင်ရင် စစ်သားတွေပီပီ သတ္တိရှိရှိ၊ သိက္ခာရှိရှိ မျက်နှာချင်းဆိုင် တိုက်ပါ” လို့  ကော်ဘရာစစ်ကြောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024