ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ - ဝေါ်လေ ကားလမ်း(သုံးထပ်ကွေ့) အနီးမှာ ဩဂုတ် ၂ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၄၄၊ နဗဟ ၄၄၁ လက်အောက်ခံတပ်တွေ၊ လက်ရုံးတပ်ဖွဲ့တွေက ထိုးစစ်ဆင်ဝင်ရောက်လာတဲ့အတွက် ကော်ဘရာစစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ မှော်ဘီလေတပ်က Yak 130 လေယာဉ်နဲ့ ညနေ ၄ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါလေကြောင်းပစ်ခတ်မှုအတွင်း ကော်ဘရာစစ်ကြောင်းကတပ်ဖွဲ့ဝင်တွေ ဘေးကင်းလုံခြုံခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး အရေအတွက်စာရင်း အတည်မပြုနိုင်သေးပေမယ့် ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်၂ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဩဂုတ် ၁ ရက် မနက် ၉ နာရီလောက်ကစတင်ပြီး ညအချိန်ထိ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး ဆုတ်ခွာခဲ့ရသလို သေဆုံး၊ ထိခိုက်ဒဏ်ရာရစာရင်း အတိအကျအတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်ပြီး ကော်ဘရာစစ်ကြောင်းဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြဝတီ - ဝေါ်လေ ကားလမ်း(သုံးထပ်ကွေ့)အနီးနဲ့ ဆက်စပ်နေရာတွေကို ဇူလိုင် ၇ ရက်ကစတင်ပြီး စစ်ကြောင်းအလိုက် နယ်မြေကျော်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် ကော်ဘရာစစ်ကြောင်းက ပြည်သူလူထုရဲ့အသက်အိုးအိမ်၊ စည်းစိမ်နဲ့ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့အတွက် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေပေမယ့် ဘယ်နေရာကိုမှ မသိမ်းပိုက်နိုင်ဘဲ တပ်ရင်းလိုက်၊ စစ်ကြောင်းဖွဲ့စည်းပုံ ပျက်ယွင်းတဲ့အထိ ထိခိုက်ဒဏ်ရာရရှိတာ၊ ကျဆုံးတာတွေရှိသလို ထွက်ပြေးတာ၊ CDM ပြုလုပ်တာတွေရှိတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။