ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေကားလမ်း သုံးထပ်ကွေ့အကျော် သရက်ပင်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် ကော်ပရာစစ်ကြောင်းတို့ ဇူလိုင် ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
နယ်မြေကျော် ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က လက်ဦးမှုယူ ပစ်ခတ်ခဲ့တာလို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး ကျဆုံး ဒဏ်ရာမှုအခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေမြိင်ကားလမ်းမှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ မြဝတီ-ဝေါ်လေကားလမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး မကြာခဏ လမ်းပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။