ဆန်စပါးအများအပြားစိုက်ပျိုးတဲ့ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်ကောင်စီ စစ်ကြောင်း ထိုးနေတာကြောင့် တောင်သူအတော်တွေ စပါး မစိုက်နိုင်ကြဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
"အရင်က ပုံမှန် ဆန်စပါး အထွက်များဆုံး ခရိုင်ပါပဲ။ ဒါပေမဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရ ထွက်ပြေးနေကြရတော့ တောင်သူ လုပ်နိုင်တဲ့သူ မရှိသလောက် ဖြစ်နေတာပါ။ စိုက်ပျိုးသူ အရမ်းနည်းပါးသွားပါတယ်။ အထူးသဖြင့် စစ်တပ် စိုးမိုးတဲ့ နေရာတွေမှာ အရမ်းကို နည်းတယ်”လို့ Shwebo Daily News ကသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ အသားတင်စိုက်ပျိုးမြေ ဧရိယာပေါင်း ၁၉၄၂၂၂ ဧရိယာအနက် လယ်မြေ ဧရိယာ ပေါင်း ၁၁၆၉၈၇ ဧက ရှိပြီး ဒေသတွင်း တစ်နှစ်စပါးအထွက်နှုန်း ၁၇,၂၀၀,၀၀၀ တင်း ကျော် ထွက်လေ့ရှိတယ်လို့ ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားတဲ့ ရွှေဘိုမြို့နယ်ဒေသဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။
အခုအချိန်မှာ စစ်ကောင်စီစစ်တပ် စစ်ကြောင်း မရှိတဲ့ နေရာတချို့မှာသာ စိုက်ပျိုးကြပြီး စစ်ကြောင်း ရှိရာ နေရာတွေမှာ မစိုက်ပျိုးနိုင်ကြဘူးလို့ ရွှေဘိုမြို့နယ်က ဒေသခံတွေထံက သိရပါတယ်။
အလားတူ ဝက်လက်မြို့နယ်မှာလည်း စစ်တပ် စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေမှာ စပါးစိုက် တောင်သူ ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့သိရပါတယ်။
ဝက်လက်မြို့နယ် ဒေသခံ တဦးက “တချို့ ကျတော့လည်း လုံးဝ မစိုက်တာတွေ ရှိတယ်။ ဖျက်ဆီးခံရမှာ ကြောက်တာတွေ ရှိတယ်။ တချို့ကျတော့ အိမ် မရှိအုံးတော့ စားဖို့ သောက်ဖို့ ရှိရင်အဆင်ပြေပြီ ဆိုပြီး စပါးနဲ့ ပဲလေးတွေ စိုက်တာရှိတယ်။ ၅၀ရာခိုင်နှုန်းလောက် လျော့ကျ သွားတယ်”လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ အသားတင်စိုက်ပျိုးမြေ ဧရိယာပေါင်း ၂၅၂,၄၀၅ ဧက အနက် လယ်မြေ ဧရိယာ ၁၄၇,၈၇၇ ဧက ရှိပြီး တစ်နှစ် စပါးအထွက်နှုန်း ၁၄,၆၈၉,၅၂၂ တင်း ရှိတယ်လို့ ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားတဲ့ ဝက်လက်မြို့နယ်ဒေသဆိုင်ရာအချက်အလက်တွေအရသိရပါတယ်။
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ ကျေးရာတွေကို မီးရှို့ ဖျက်ဆီးတာတွေကြောင့် ဒေသခံတောင်သူ တချို့အနေနဲ့ လယ်ကွက်ကို အငှားထားခဲ့ပြီး တခြား ဒေသကို ပြောင်းရွှေ့နေထိုင်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တစ်လမှာ ၃ ကြိမ်လောက် စစ်ကြောင်း ထိုးနေပြီး တစ်ခါ စစ်ကြောင်းထိုး ပါက တပတ်ခန့်ကြာလေ့ရှိတယ်လို့သိရပါတယ်။
ထိုသို့ ကျေးရွာများအတွင်း စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ကို တိမ်းရှောင်နေရတာကြောင့် စိုက်ပျိုးရေး မလုပ်နိုင်ဘဲ ရှိနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။