မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်တွေက မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနချုပ် အပါအဝင် စခန်း သုံးခုကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ MC-KC PDF ကနေ သိရပါတယ်။
MC-KC PDF ရဲ့ စခန်းခွဲတခုကို ဇူလိုင် ၁၂ ရက် မနက်အစောပိုင်းမှာ အင်အား ၂၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်စီးပြီး မီးရှို့ဖျက်ဆီးခဲ့သလို နေ့လယ်ပိုင်းမှာ ဌာနချုပ်ကို မီးရှို့ကာ ဇူလိုင် ၁၃ ရက်မှာ စခန်းခွဲတခု မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ MC-KC PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ G3 က ဒီဗွီဘီကို ပြောပါတယ်။
“စစ်(...)စစ်ကြောင်းထိုးလာတော့ လက်နက်အင်အား၊ လူအင်အား မမျှလို့ စခန်းတွေကို မကာကွယ်လိုက်နိုင်ဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေ လက်နက်ခဲယမ်းတချို့ကို သယ်ယူပြီး အချိန်မီ ဘေးလွတ်ရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
ဆီပေပါတွေ၊ သေနတ်လုပ်မယ့် ပြောင်းတွေ၊ မိုင်းပစ္စည်းတွေ၊ လက်နက်ခဲယမ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေနဲ့ စခန်း သုံး ခု မီးရှို့ဖျက်ဆီးခံလိုက်ရလို့ ကျပ်သိန်း ၅၀၀ ဖိုးလောက် ဆုံးရှုံးနစ်နာခဲ့တယ်လို့ G3 က ပြောပါတယ်။
“MC-KC PDF အနေနဲ့ ဌာနချုပ် အသိမ်းခံလိုက်ရလို့ ပျက်စီးသွားတယ်ဆိုတာမျိုး မဖြစ်ပါဘူး။ ကျနော်တို့ ရှိတဲ့အင်အားနဲ့ ပြန်လည်ရုန်းကန်ပြီး စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ခိုက်သွားမယ်။”
မိဘပြည်သူတွေအနေနဲ့လည်း MC-KC PDF ကို မိမိတို့တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။