ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှာ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသားတယောက် သေဆုံးကာ ကလေးငယ် နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက ဆင်မတောင်နဲ့ ဗျူဟာကုန်းအဟောင်းနေရာကနေ ၆၀ မမ၊ ၈၁ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စက်လဲကျေးရွာအတွင်း လက်နက်ကြီးကျည်တွေကျကာ အသက် ၄၀ ကျော် အမျိုးသားတယောက် ကျည်စမှန် သေဆုံးသွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
သူ့ရဲ့ ဆယ်နှစ်အရွယ်သမီးနဲ့ လသားအရွယ်သမီးငယ်တို့ပါ လက်နဲ့ ခြေထောက် တင်ပါးတို့မှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် ဆင်မတောင်၊ ဗျူဟာကုန်းအဟောင်း ၊ မြို့အဝင်အထွက်၊ ညောင်ကုန်းဘုန်းကြီးကျောင်း၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း နတ်သံကွင်း စစ်တောင်တံတားထိပ်နဲ့ တလိုင်းထူး ဘုန်းကြီးကျောင်းတွေကနေပြီး လက်နက်ကြီးတွေ အထိုင်ချကာ နေ့စဉ် ကျေးရွာတွေကို ပစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ကေအန်ယူ တပ်ရင်း ၉ နယ်မြေမှာ ဇွန်လလယ်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်က ပစ်ခတ်ဲ့ လက်နက်ကြီးကြောင့် ပြည်သူ တယောက် သေဆုံးပြီး ကလေးငယ်သုံးယောက် အပါအဝင် ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရကာ ကျွဲ၊ နွားဦ ဆိတ်စတဲ့ တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။