မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို ဇူလိုင် ၁၃ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က PDF ထောက်ပို့လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံထံက သိရပါတယ်။
ပခုက္ကူမြို့ အမှတ်(၉)ရပ်ကွက်၊ ဝိပဿနာလမ်းက အဲယာကွန်းပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဆန်းငြိမ်းအေးကို ဇူလိုင် ၁၃ ရက် ည ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့ စက်မှုဇုန် (၉)လမ်းမှာနေထိုင်တဲ့ ဦးမြို့နဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာချစ် (ခ)ဒေါ်ချစ်ချစ်တို့ကိုလည်း ဇူလိုင် ၁၃ ရက် ည ၁၀ နာရီလောက်မှာ PDF နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းသွားကြတာလို့ ဆိုပါတယ်။
ပခုက္ကူမြို့ခံတဦးက “အဲဒီလင်မယား နှစ်ယောက်ကို အရင်ကလည်း ရဲတွေလာစစ်ဖူးတယ်။ အခုတခေါက်မှာတော့ တစ်အိမ်လုံး ဒူးထောက်ခိုင်းကာ လက်ကိုင်ဖုန်းတွေအားလုံးကို သိမ်းဆည်းပြီး ဖမ်းဆီးသွားကြတာ။ သူတို့နဲ့ ဆက်နွှယ်တဲ့သူတွေကိုပါ စစ်(...)တွေက နောက်ကြောင်းလိုက်နေ ကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၃ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၅၄၇ ယောက် ရှိပြီး အဲဒီထဲက ၁၃၁၂ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။