ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်းနဲ့ အမှတ် ၂ လမ်းမကြီးအနီး ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာမှာ ဇူလိုင် ၁၄ ရက် ဒီမနက်ပိုင်းက ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးခဲ့ပါတယ်။
မြောက်ဒဂုံ ရဲထောက်ပံ့ရေးဌာနအနီးရှိ ရဲကင်းဘန်ကာကို အမည်မသိ သေနတ်သမားအဖွဲ့က ကားနဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်တဲ့အတွက် ရဲနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောက်ဒဂုံဒေသခံ အမျိုးသားတယောက်က “မနက် ၆ နာရီလောက်က ပစ်သွားတာ။ ကားပေါ်ကနေ တရစပ်ကို ပစ်သွားတာ။ ရဲတွေဘက်ကလည်း ပြန်ပစ်တာပဲ။ ဘန်ကာထဲက ရဲနှစ်ယောက် ထိသွားတယ်။ ပွဲချင်းပြီးသေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း များနိုင်တယ်။ တိတိကျကျတော့ မသိရသေးဘူး။ စစ်ကားတွေရောက်နေတော့ ဘယ်လိုမှသွားမရဘူး” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးနေပြီး မြို့နယ်အတွင်းက လမ်းမတွေပေါ်မှာလည်း စစ်ကောင်စီတပ်က ကင်းလှည့်နေပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မေလကလည်း အမှတ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းကို အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဇူလိုင် ၁၂ ရက်က စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းကင်းရုံ လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။