မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF က ပြောပါတယ်။
“ရေစကြိုမြို့နယ် ဇီးကုန်းနဲ့ ဆင်ချောင်းရွာကြားက ညောင်ပင်ဇရပ်မှာ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်(...)၊ ရဲ(...)နဲ့ ပျူ(...)တွေ လိုက်ပါလာတဲ့ ပေါင်မုန့်ကားတစီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းတလုံးခွဲလိုက်ပြီး လယ်ကြီးတံတားနားအရောက်မှာ နောက်ထပ် မိုင်း ၂ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာ” လို့ ရေစကြို-PDF တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် အခင်းဖြစ်နေရာမှာသေဆုံးကာ အပြင်းထန် ဒဏ်ရာရသွားတဲ့ထဲက ၂ ယောက် ထပ်မံသေဆုံးခဲ့ကြောင်း၊ အဲဒီ သေဆုံးသူတွေကို ဆင်ချောင်းကျေးရွာမှာပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း အတွင်းသတင်းရရှိတာလို့ ဆိုပါတယ်။
အဲဒီမိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာကို ဟင်္သာကျေးရွာဘက်က ကား ၂ စီးနဲ့ စစ်ကူတက်လာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ကြပေမဲ့ PDF ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ‘မဟာမိတ် ပူးပေါင်းစစ်ဆင်လေး(၆)’ လို့ အမည်ပေးထားပြီး ရေစကြို-PDF၊ N-YSO ပြောက်ကျားတပ်၊ KNT ပြောက်ကျားတပ်၊ MRGF(မြိုင်) နဲ့ သံမဏိသိန်းငှက် PDF(မြိုင်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ ဇူလိုင် ၈ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခု မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရရှိတဲ့ အခြေအနေကို သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။