“စောင့်နေတာဟ လေရှီးကိုယ်တော်ကြီးရ”
“အခု ကြွလာလို့ ရောက်တော်မူပြီပဲ အဘရယ်၊ ဘဇာအရေးတွေများ ဆွေးနွေးစကား ပြောကြားဖို့ ရှိနေပါလိမ့် ခင်ဗျာ”
“ဟားဟား ဟားဟား ဟားဟား . . . .”
“စောမူးသာနဲ့ ဖေကြီးတို့ကတော့ လိုက်လည်းလိုက်တဲ့ ပဋ္ဌာန်းဆက်တွေပါပဲလား၊ ဟားဟား ဟားဟား ဟားဟား . . . .”
“ဒီလိုပေါ့ လုံးတုံးရာ . . . စကားပြောတဲ့နေရာမှာ အခြေအနေတို့ နေရာဌာနတို့နဲ့ လိုက်ဖက်အောင် ပြောတတ်ခြင်းဟာလည်း ပညာရပ်တခု စွမ်းရည်တပါးပဲ မဟုတ်လားဟဲ့”
“အေးပါ မူးသာရယ် . . . ဟိုအကောင် ‘ဇော်မဲလုံး’ လို နိုင်ငံတော်အဆင့် ကပေါက်တိ ကပေါက်ချာ ပေါက်တတ်ကရ ကလိန်စေ့ငြမ်းစင် ပေါက်ပန်ဈေး မဟုတ်မဟတ်တွေ မပြောဖို့ အရေးကြီးသကွ . . . ဟ ဟ ဟ”
အဘစောမူးသာနဲ့ အဘလုံးတုံးနဲ့ လေရှီးက ဖေကြီးနဲ့ သုံးပွင့်တခိုင် စကားဝိုင်းက မြိုင်ပါပေ့ ခင်ဗျာ။ ချေသားကင်လေးကို ဖဲ့ဝါးလိုက်ကြ၊ ပြီးတော့ ဆားကလေး မဆိုသလောက်ခပ်ထားတဲ့ ရေနွေးကြမ်းပူပူကို မှုတ်သောက်လိုက်ကြ၊ အဓမ္မ အယုတ်တမာ မအလတွေရဲ့ ယုတ်ကန်းမှုအစုစု အကြောင်းကို ပြောလိုက်ကြနဲ့ပေါ့။
“ဒါနဲ့ ဒီရက်ပိုင်းလေးအတွင်းမှာပဲ ကမ္ဘာပေါ်မှာလည်း အဖြစ်ထူး သတင်းထူးတွေ တော်တော့်ကို ပေါ်ပေါက်ခဲ့တယ်နော်”
“ဟုတ်တယ် ဖေကြီးရ . . ဒီသတင်းတွေထဲမှာ စိတ်မကောင်းစရာသတင်းကတော့ ငါတို့မိတ်ဆွေ ဂျပန်ဝန်ကြီးချုပ်ဟောင်း ‘ရှင်ဇိုအာဘေး’ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သွားတဲ့ဖြစ်ရပ် သတင်းပဲကွ”
‘ဟုတ်တယ် မူးသာရေ . . . ငါလည်း လိုင်းပေါ်မှာကြည့်ပြီး တော်တော့်ကိုပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်ကွာ”
ဂျပန်ဝန်ကြီးချုပ်ဟောင်း အသက် ၆၈ နှစ်ပဲရှိသေးတဲ့ ‘ရှင်ဇိုအာဘေး’ ကို သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ ရုတ်တရက် ကွယ်လွန်သွားရတာ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ‘ဝမ်းနည်းကြေကွဲခြင်း’ မှတ်တမ်းတွေ အမြောက်အမြားကို မြင်တွေ့ကြရပါတယ်။
“အေးကွ . . . အဲသည် ‘ကြေကွဲဝမ်းနည်းခြင်း’ မှတ်တမ်းတွေကြားမှာ ‘ပြုံးစိစိ’ ဖြစ်စရာလေးတွေကို မြင်ရတော့လည်း ပြုံးမိပြန်သကွ လုံးတုံးရ”
‘မူးသာရယ် . . . နင်ကတော့လေ”
“အဟုတ်ပြောတာဟ . . .”
“ဘယ်လိုမျိုးများ တွေ့လို့လဲ အဘ”
“ဟားဟား ဟားဟား ဟားဟား . . . . ဂျပန်ပြည်က ‘အာဘေး’ သေမယ့်အစား မြန်မာပြည်က ‘အေဘေး’ သေလိုက်ပါတော့လားတဲ့ဟ”
“ဟားဟား ဟားဟား ဟားဟား . . . .”
လူထုမေတ္တာကား အလွန်တရာမှ ကြီးမားလှပါပေလေ၏။ ဘိုတု သာဝ ကြင်စိုး မအလ ‘အေဘေး’ အပေါ်မှာ ထားရှိကြသည့် ပြည်သူ့ဆန္ဒ ပြည်သူ့စေတနာကား တပြားသားမှ မလျော့ပါးကြပဲ အမြဲအပြည့်ပါလေ။
“သြော် . . . အေဘေး . . . အေဘေး”
“ဟားဟား ဟားဟား ဟားဟား . . . .”
စကားဝိုင်းထဲမှာ ‘အေဘေး’ ဟာ ဇာတ်လိုက်ကျော်ကြီးပေါ့ ခင်ဗျာ။ လူထုမေတ္တာနဲ့ သူရရှိခဲ့တဲ့ အမည်နာမတွေဟာလည်း ခုချိန်ထိ အသစ် အသစ် အသစ်တွေဆိုတာ ထပ်မံရရှိနေတုန်းပါပဲ။ နောက်ထပ် နောက်ထပ် နောက်ထပ်လည်း ရရှိလိမ့်ဦးမယ်လို့ အဘစောမူးသာနဲ့ အဘလုံးတုံးတို့က ပြောဆိုသုံးသပ်ကြပါသဗျ။
“အေး . . . ‘အာဘေး’ သတင်းပြီးတော့ သီရိလင်္ကာသမ္မတ ‘ဂိုတာဘာယာ ရာဂျာပက်ဆာ’ ရဲ့ သတင်းထူးကွ”
“သီရိလင်္ကာက ‘ဒေဝါလီ’ ခံထားရတဲ့နိုင်ငံပဲကွ မူးသာရ၊ ပြီးခဲ့တဲ့လကမှ ချိုကုတ်ဒူးကြီး မအလဆီကို သံအမတ်ခန့်အပ်လွှာပေးခဲ့တဲ့ နိုင်ငံပေါ့ကွ”
စီးပွားရေးအကျပ်အတည်း ကြုံနေရပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း အလွန်မြင့်မားနေပါသတဲ့။ လောင်စာဆီတွေ ပြတ်လပ်နေတာ၊ အစားအစာတွေ ပြတ်လပ်နေတာ၊ ဆေးဝါးတွေ မတရားခက်ခဲနေတာ၊ ပြည်ပကြွေးမီတွေ ကြောက်ခမန်းလိလိ ရှိနေတာတွေကြောင့် ပြည်သူလူလူထုက မခံမရပ်နိုင်ဖြစ်ပြီး သမ္မတကို အပြီးမောင်းချခဲ့တဲ့အဖြစ်ပေါ့ ခင်ဗျာ။
“အေးကွ . . အထွေထွေအကျပ်အတည်းတွေကို ခံစားနေရတဲ့ ပြည်သူတွေဟာ မခံရပ်နိုင်တဲ့အဆုံး ဇူလိုင်လ ၉ ရက်နေ့က သမ္မတအိမ်တော်ကို ဝင်စီးခဲ့ကြတာကွ”
“လိုင်းပေါ်မှာ ကြည့်လိုက်ရတယ်ကွ . . . လူပင်လယ်ကြီးဟာ သမ္မတအိမ်တော်ထဲကို နာဂစ်လှိုင်းလုံးကြီးတွေလို စီးဝင်သွားခဲ့ကြတာ”
ကိုယ်လွတ်ရုန်းပြီး စစ်သင်္ဘောနဲ့ ဒရောသောပါး အသက်လုကာ ထွက်ပြေးသွားရတဲ့ သမ္မတ ‘ရာဂျာပက်ဆာ’ ရဲ့ ဧရာမအိမ်တော်ကြီးထဲမှာ ပြည်သူလူထု အပြည့်အကျပ်ခင်ဗျ။ အိမ်ထဲက ရှိရှိသမျှအခန်းတွေကို ဝင်ကြည့်ကြတယ်၊ အပန်းဖြေကြတယ်၊ သမ္မတရဲ့ ဇိမ်ခံရေကူးကန်ထဲမှာ ပျော်ရွှင်မြူးထူးစွာ ရေတွေကူးကြတယ်လေ။
“အဲသည်မှာ ငါ စိတ်မကောင်းဖြစ်ရတာတခုက အဲသည်ပြည်သူတွေဟာ နောက်ဆုံးမတော့ ဧရာမသမ္မတအိမ်တော်ကြီးကို မီးတင်ရှို့ပစ်လိုက်ကြတဲ့ကိစ္စကိုပဲဟ”
“အဲဒါ ဘာဖြစ်လို့လဲ မူးသာရယ် . . . နိုင်ငံ့တာဝန်ကို မကျေပွန်တဲ့ပုဂ္ဂိုလ်၊ တိုင်းပြည်ကို ချောက်ထဲဆွဲချတဲ့လူ၊ နိုင်ငံသားတွေကို ဒုက္ခရောက်အောင် ဖန်တီးခဲ့တဲ့လူ၊ ခေါင်းဆောင်မှုအရည်အချင်း ညံ့ဖျင်းတဲ့လူရဲ့အိမ်ကို မီးတင်ရှို့ပစ်ခဲ့တာ ဘာဖြစ်လဲဟ”
အဘလုံးတုံးစကားကို အဘစောမူးသာက နားထောင်ရင်း စဉ်းစားနေသယောင်ပါလေ။ လက်ကျန်ချေသားတဖတ်ကို ကောက်ဝါးကာ ရေနွေးကြမ်းတခွက်ကို မှုတ်သောက်ပြီးတဲ့ အခါကျမှ သူ၏အမြင်ကို ပြောပြပါလေ၏။
“နန်းတော်တမျှ ဧရာမအိမ်ကြီးကို မီးရှို့ပစ်စရာလားကွာ . . . ငါတို့ဆီကလို ‘လေလံ’ တင်လိုက်ရင် ဒေါ်လာတွေ သန်းရာနဲ့ချီပြီးရမှာကွ . . . အာဟ အာဟ အာဟ”
ဖေကြီး (လေရှီး)