မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇူလိုင် ၁၂ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေတယ်လို့ ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဟာ ပုဂ္ဂလိက အစီအစဉ်နဲ့ ရုရှားကို ရောက်လာတာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ ရုရှားအစိုးရပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒီမီထရီရိုဂိုဇင်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင်ရဲ့ အကြီးတန်း အကြံပေးက ပြောတဲ့အကြောင်း RIA ရုရှားသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဟာ မော်စကိုမှာ Rosatom နျူကလီးယားအေဂျင်စီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိသလို Ethnomir ပြတိုက်မှာကျင်းပမယ့် မြန်မာ့ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲကိုလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း ရုရှားသတင်းဌာနတခုက ရေးသားဖော်ပြပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ကလည်း ရုရှားနိုင်ငံမှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်ဖို့ မော်စကိုကို သွားရောက်ခဲ့ပါတယ်။
Photo Credit-DSINFO