ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင် ၁၁ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေးယောက်သေဆုံးကာ နှစ်ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။
စောင်ထီးယားရွာနဲ့ လုံတုမ်းရွာဘက်ကို ဇူလိုင် ၁၁ ရက် မနက် ၉ နာရီလောက်မှာ အင်အား ၁၀၀ လောက်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို CDF-မတူပီက ကြားဖြတ် တိုက်ခိုက်ခဲ့လို့ ၄၅ မိနစ်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးယောက်သေဆုံးပြီး နှစ်ယောက်ထက်မနည်း ဒဏ်ရာရရှိကာ CDF-မတူပီဘက်က ရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆလိုင်းချင်းက ဆိုပါတယ်။
“လက်ရှိအခြေနေမှာ အဲဒီကျေးရွာကို ဒုက္ခပေးတာမျိုး မရှိသေးဘူး။ လိုင်လင်းပီဘက်ကနေ ဇွန်လ ၂၈ ရက်က ထွက်လာတဲ့စစ်ကြောင်းကို လာကြိုကြတာကို ကြားဖြစ်တိုက်ခိုက်ခဲ့တာ။ စစ်(...)တွေကတော့ နှစ်ဖွဲ့ ပေါင်းသွားပြီး လက်ရှိအချိန်ထိတော့ မတူပီမြို့ထဲကို မရောက်သေးဘူး”
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေ အနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ပန်းသာ ဝဲဒေါင့်ဘက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၁၀ ရက် ညနေပိုင်းက မော်လိုက် PDF နဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက မိုင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။
မော်တာချောင်းထဲက တက်လာတဲ့ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ယောက်ပါ စစ်ကြောင်း တိုက်မိုင်းထိမှန်သွားတယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ် ။
"နေ့လယ်ပိုင်းတိုက်ပွဲမှာ တပွင့် ဒုဗိုလ်အပါအဝင် သုံးယောက် အပြင်အထန် ဒဏ်ရာရသွားပြီး သေဆုံးခြင်းရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး "လို့ ဒေသတွင်းသတင်းရင်းမြစ်ကဆို ပါတယ်။
စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးစာရင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာလည်း မိုင်း နှစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ပေမဲ့ စစ်ကောင်စီတပ်သား သေဆုံးတဲ့ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ တော်လှန်ရေးအဖွဲ့က ပြောပါတယ်။