ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းပေါ် မင်းကျောင်းကုန်းရွာကနေ ကျောက်ကြီးရွာဘက်ကို ဆန်တက်လာတဲ့ အင်အား ၄၈ ယောက်ပါ စစ်ကောင်စီ စက်လှေကို ဇူလိုင် ၁၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့လှ KPDF အဖွဲ့က ပြောပါတယ်။
မနေ့ မနက် ၁ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား လေးယောက် သေဆုံးပြီး ဒဏ်ရာရသူလည်း ရှိတယ်လို့ မြို့လှKPDFပြန်ကြားရေးတာဝန်ခံက ပြောပေမဲ့ သေဆုံးတဲ့အရေအတွက်နဲ့ ပက်သက်လို့တော့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီ စီးနင်းလာတဲ့ စက်လှေကို လက်လုပ် မိုင်တဲ မမ နဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက စက်လှေကမ်းကပ်ပြီး ထွက်ပြေးလွတ်မြောက်သွားကာ မနက် ၅ နာရီဝန်းကျင်မှာ စက်လှေနောက်တစီးနဲ့ ပြန်လည်ဆုတ်ခွာသွားတဲ့အချိန် အင်အား ၄၈ ယောက်ပါတဲ့ စစ်ကြောင်းက ၄၄ ယောက်သာ ပြန်လည်ဆုတ်ခွာသွားတာကြောင့် စစ်ကောင်စီ တပ်သား ၄ ယောက်သေဆုံးတာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မြို့လှKPDFလှုပ်ရှားနေတဲ့ နေရာတွေမှာစစ်ကောင်စီက လမ်းမကြီးတွေကနေ စစ်ကြောင်းမ ထိုးနိုင်လောက်အောင် အင်အားလျော့နည်းနေပြီး ဧရာဝတီမြစ်ရေတက်လို့ ရေပြင်ကျယ်လာတာကို အသုံးချပြီး ခိုးကြောင်ခိုးဝှက်သွားလာနေရတယ်လို့ ဆိုပါတယ်။
မြို့လှ KPDFလှုပ်ရှားရာနေရာဟာ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၈)လက်အောက် တပ်ရင်းတပ်ဖွဲ့တွေလှုပ်ရှားရာနေရာဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ တပ်မ(၈၈)လက်အောက် ခမရ(၄၁၅) က စစ်ကြောင်းမှူး ဟိန်းမင်းအောင် ဦးဆောင်တဲ့ စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။