မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း ( ၁၁၀ လမ်း)၊ လမ်း ၅၀ နားမှာ ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ဓားပြတိုက်ပြီး လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အငြိမ်းစားမြို့နယ်တရားသူကြီးနဲ့ မိသားစုဟာ ငွေကျပ်သိန်း ၄၀၀၀ ကျော်ကို ဘဏ်ကနေ ထုတ်ယူလာခဲ့ပြီး နေအိမ်ရှေ့အရောက်မှာ နောက်ကနေ ကပ်လိုက်လာတဲ့ လူ လေးယောက်ပါ ကား ထဲက တယောက် ဆင်းလာကာ ငွေထုတ်လာတဲ့ ကားပေါ်က ဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အငြိမ်းစားမြို့နယ် တရားသူကြီးရဲ့ သမီးကို ကားပေါ်ကဆွဲချပြီးအသင့်ပါလာတဲ့ သေနတ် အတိုနဲ့ တချက်ပစ်ခတ်ကာကားကို ယူဆောင်ထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
မျက်မြင်တွေ့ခဲ့သူတယောက်က “ကားပေါ်ကနေ အကုန်လုံးကိုဆင်းခိုင်းက အသက် ၂၀ လောက်ရှိတဲ့ အမျိုးသမီးလေးက မဆင်း တော့ ပစ်ပြီး ကားမောင်းထွက်သွားတာ။ အကုန်လုံးကလည်း လက်နက်ပါတော့ ကြောက်ပြီး ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အမျိုးသမီးကို ဆေးရုံကြီးသို့ ပို့ခဲ့ကာ ဆေးရုံကြီး ရောက်အပြီးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက လိုက်လံရှာဖွေရာ လမ်း ၅၀ နဲ့ ၁၀၇ လမ်းထောင့် ဘောလုံးကွင်းမှာ လုယက်ခံရတဲ့ကားကို တွေ့ရှိတာကြောင့် စစ်ဆေးရာ ကားထဲမှာ ကျွတ်ကျွတ် အိတ်အနီရောင်နဲ့ ထုတ်ထားတဲ့ ကျပ်သိန်း ၈၀၀ ကို ပြန်လည်ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။