ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းရွာကနေ ကျောက်ကြီးရွာဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီ သံခွန်ရှပ်ပြေးယာဉ်ကို ဇူလိုင် ၁၁ ရက်နေ့မှာ မြို့လှ KPDF က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ မြို့လှ KPDF က ပြောပါတယ်။
မြို့လှ KPDF တပ်ရင်းနယ်မြေအတွင်း ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ ခမရ ၄၁၅ စစ်ကြောင်းမှူး ဗိုလ်မှူး သိန်းမြင့်အောင် ဦးဆောင်တဲ့ အင်အား ၄၈ ယောက်ပါတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကျောက်ကြီးရွာမှ သံခွန်ရှပ်ပြေးနဲ့မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် မြို့လှ KPDF တပ်ရင်း တပ်ခွဲ ၁ မှ ဗိုလ်မိုးကြိုး ဦးစီးတဲ့စစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ KPDF တာဝန်ရှိသူတဦးက ပြောပါတယ်။
“မင်းကျောင်းကုန်းကနေ ကျောက်ကြီးရွာကို ဆန်တက်လာတဲ့ စစ်ကောင်စီ သံခွန်ရေယာဉ်ကို ရေလယ်မှာရှိတဲ့ မြို့လှ KPDF တပ်ဖွဲ့ဝင်တွေက ရေလယ်ခေါင်ကျွန်းကနေပြီးတော့မှ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အချိန်မှာပဲ ပထမဆုံး M 22 ရှေ့ထွက်မိုင်းနဲ့ ပစ်ပါတယ်၊ နောက်တော့ ကျနော်တို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ပါတယ်။ မော်တော်က အားချင်းထွက်ပြေးသွားပြီးမှ ဘိုကိုးရွာနားကို ရောက်သွားပါတယ်။ ဘိုကိုးရွာမှာရှိတဲ့ သဲသောင်ပြင်ပေါ်ကိုမော်တော်ကအရှိန်လွန်ပြီး သောင်လွန်သွားပါတယ်။ အဲဒါပြီးတော့ ထွက်ပြေးသွားပါတယ်ဗျ။ အဲဒါပြီးတော့ သူတို့ကျဆုံးသွားတဲ့ ရဲဘော် ၄ ယောက်ကို ရေထဲပစ်ချထားခဲ့တယ်။ အဲဒီနောက်မှာ သံခွန်ကို ကျနော်တို့ရရှိခဲ့တယ်။ စစ်ပွဲကတော့ ၅ မိနစ်လောက်ပဲကြာတယ်၊ အကြာကြီးမဟုတ်ဘူး။”
အဆိုပါတိုက်ခိုက်မှုမှာ ရွှေကူမြို့နယ် ကျောက်ကြီးရွာမှ စစ်ကောင်စီရဲ့ဒေါက်တိုင်သဖွယ် ဝန်ဆောင်ပေးနေတဲ့ ကူးတို့သံခွန်ရှပ်ပြေးယာဉ်ကို ဖောက်ခွဲပစ်နိုင်ခဲ့ပြီး နောက်နောင်မှာလည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မြို့လှ KPDF က သတိပေး ထားပါတယ်။
လတ်တလောမှာ ဒေသတွင်း ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ဒုက္ခသည်အတွက် ကူညီထောက်ပံ့လိုပါက မြို့လှ KPDF ကို ဆက်သွယ်ကူညီထောက်ပံ့နိုင်တယ်လို့ KPDF တာဝန်ရှိသူက ပြောပါတယ်။
“ဒေသတွင်းစစ်ရေးအခြေအနေက ထိတွေ့မှုတွေ မကြာခဏဖြစ်တာကို တွေ့ရတယ်။ ဒေသတွင်းရဲ့အခြေအနေ လားရာကတော့ ကျနော်တို့ အဓိကကတော့ စစ်ကောင်စီတွေရှိနေတဲ့ ပတ်ဝန်းကျင်ရွာတွေကတော့ မလုံခြုံဘူးပေါ့ဗျာ၊ စစ်ကောင်စီတွေ မရှိတဲ့ ရွာတွေကတော့ လုံခြုံတာတွေ့ရတယ်။ ကျနော်တို့ ဒီဒေသတွင်းမှာ ပညာရေးတွေရှိတယ်၊ ကျန်းမာရေးတွေရှိမယ်၊ နောက်တခုကကျတော့ ဒုက္ခသည်တွေရှိတယ်၊ အဲ့ရဲ့အခြေအနေတွေလည်း ကျနော်တို့မှာရှိတယ်ဗျ။ ပညာရေ၊ ကျန်းမာရေး၊ ဒုက္ခသည်တွေအတွက် ထောက်ပံ့ချင်တယ်ဆိုလို့ရှိရင်လည်း ကျနော်တို့မြို့လှ KPDF ကနေ ဆက်သွယ်ထောက်ပံ့လို့ ရပါတယ်ဗျ။ အကူအညီလတ်တလောလိုအပ်တယ်၊ ပြည်သူတွေဆီကနေ ကျနော်တို့ အကူအညီတွေအ များကြီးမျှော်လင့်ထားပါတယ်။”
မြို့လှ KPDF ဟာ ပြည်သူဘက် ရပ်တည်သူအားလုံးနဲ့ တသားတည်း အတူရှိနေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ဆိုးကြီးအောက်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ဆက်လက်ကြိုးစား တိုက်ခိုက်သွားမယ်လို့ မြို့လှ KPDF က ထုတ်ပြန်ထားပါတယ်။
သံခွန်ရှပ်ပြေးယာဉ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။