တနင်္သာရီတိုင်းအတွင်းက စစ်ဘေးသင့် ပြည်သူတွေဟာ မိုးများတဲ့အခုလိုကာလမှာ ရွှေ့ပြောင်းနေထိုင်နေကြရလို့ အခက်အခဲကြုံနေရတဲ့အတွက် နေစရာနေရာအတွက် ပါဝင်လှူဒါန်းပေးကြဖို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့က ကမ်ပိန်းတခုပြုလုပ် တိုက်တွန်းလိုက်ပါတယ်။
“စစ်ဘေးသင့်ပြည်သူများ နေထိုင်ခိုလှုံရာနေရာအတွက် နွေးထွေးသည့် နှလုံးသားများအလှူခံခြင်း ကမ်ပိန်း - အိမ်”လို့ အမည်ပေးထားတဲ့ အဲဒီကမ်ပိန်းဟာ တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေထဲက လူဦးရေ ၅၀၀ အတွက် အမိုးအကာအတွက်အသုံးပြုဖို့ တာလဘတ် အချပ်ရေ ၁၀၀ ဝယ်ယူနိုင်ရေး ငွေကျပ် သိန်း ၃၀ ရရှိဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒေါနတနင်္သာရီ-စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက " 'အိမ်' ကမ်ပိန်းဟာ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ စစ်ရှောင်တွေအတွက် အမိုးအကာရဖို့ ရည်ရွယ်တာဖြစ်ပါတယ်၊ နည်းသည်များသည်မထားဘဲ မိမိတို့တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပြီး စစ်ရှောင်တွေအတွက် မေတ္တာအိမ်တွေ ဆောက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်"လို့ ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း အရင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလလောက်ကနေစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ မြင့်တက်လာတဲ့အတွက် လက်ရှိမှာ တိုင်းအတွင်းရှိ ဒေသအချို့က ပြည်သူ ၁၀၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ သရက်ချောင်းမြို့နယ်အတွင်းက တောင်ပျောက်တိုက်နယ်နဲ့ ပုလောမြို့နယ်ထဲက ပြည်သူတွေ အများဆုံး စစ်ဘေးရှောင်နေကြရပြီး အခုလို မိုးများတဲ့ကာလမှာ နေစရာအပြင် လမ်းပန်ဆက်သွယ်ရေးခက်ခဲတာ၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ငှားဖျား၊ ဝမ်းရောဂါစတဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေလည်း ကြုံရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေကပြောပါတယ်။
ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းဟာ မိုးများတဲ့ ဒေသတခုဖြစ်ပြီး နှစ်စဥ် မိုးရာသီအလယ်ကာလမှာ ရေကြီးရေလျှံမှုတွေဖြစ်တာ၊ တောင်ပြိုတာတွေလည်း ဖြစ်လေ့ရှိပါတယ်။