မန္တလေးမြို့ ၆၂ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာရှိတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ် မန္တလေး UFL ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၀ ရက် မနေ့ ညနေ ၅ နာရီခွဲလောက်က ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power(GZP) မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
UFL ကျောင်းမြောက်ဘက်အပေါက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ GZP ပြောက်ကျားတပ်က ပြောပါတယ်။
GZP အဖွဲ့တာဝန်ရှိသူက “ကျနော်တို့ မစ်ရှင်လုပ်တဲ့အချိန်မှာ ကျောင်းထဲမှာ ဘယ်သူမှ မရှိပါဘူး။ စစ်သားတွေပဲ ရှိတဲ့နေရာကို လုပ်ဆောင်ခဲ့တာပါ။ ဒီလိုနေရာတွေမှာ တပ်စွဲထားတယ်ဆိုတာ မြို့ပြပြောက်ကျားတွေ၊ တော်လှန်ရေးကို အားပေးထောက်ခံသူတွေကို နှိမ်နင်းဖို့ သူတို့ အဆင်ပြေသလို တပ်စွဲနေထိုင်ကြတာပါ။” လို့ ပြောပါတယ်။
ဗုံးကွဲမှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ အနီးပတ်ဝန်ကျင်းကို ရမ်းသန်း ပစ်ခတ်ခဲ့တာ ရှိတယ်လို့လည်း ဆိုပါတယ်။ အဆိုပါ ဗုံးခွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် လူတွေ ထိခိုက်ဒဏ်ရရာတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း မန္တလေး UFL ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဆိုင်ကယ်နဲ့ လာရောက်ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်ထားရာနေရာ အမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။