စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် မဲဇာရဲစခန်းကို ကေအိုင်အေ၊ ကသာခရိုင်တပ်ရင်း (၂) အင်းတော် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဇူလိုင် ၁၀ ရက်နေ့ မနက် ၃ နာရီလောက် ဝင်ရောက်တိုက်ခိုက်ရာ စကစ တပ်ဖွဲ့ဝင် ၃၀ လောက် သေဆုံးနိုင်တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစခန်းမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ နမ်းခမ်းနဲ့ အင်းတော်ဘက်က ပျူစောထီးတွေရှိနေပြီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၁ ဦး ၁၀ ဦးလောက် သေဆုံးသွားပြီး အလောင်းတွေကို ထောက်ပို့လေယာဥ်နဲ့ ကန့်ဘလူဘက်ကို မွန်းလွဲ ၂ နာရီလောက် သယ်ယူသွားကြောင်း၊ ကျန်တဲ့ရဲနဲ့ပျူစောထီးအလောင်းတွေကတော့ စခန်းထဲမှာပဲရှိနေသလား၊ နမ်းခမ်းကို သယ်သွားသလားဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
IR အဖွဲ့ တာဝန်ရှိသူတဦး “ကျနော်တို့ဘက်က ပကဖရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး PDF ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲစခန်းအနီးအိမ်က ၁၅ နှစ်အရွယ် ကောင်လေး ၁ ဦးလည်း လက်နက်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မနက် ၈ နာရီအချိန်လောက်မှာလည်း အင်းတော်ကနေ မဲဇာရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ လောက်ပါ ကားတစီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မန်လည်လမ်းခွဲအနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို နေရာမှာတင် အနီးနားရှိပြည်သူ တွေဆီက ပေါက်ပြား၊ ဂေါ်ပြားတွေငှားပြီး ကျင်းတူးမြေမြှုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း ဝင်ရောက်လာတဲ့ ဆီဘောက်ဆာ ကားတစီးလည်း မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်တာတော့ မရှိဘူးလို့ IR အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှာ တပ်စွဲပြီး အများပြည်သူ သွားလာနေတဲ့ လမ်းပိုင်းမှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ကိုလည်း ဇူလိုင် ၉ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ Snake Eyes PDF သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“သူတို့က အဲဒီရဲစခန်းမှာ ဒီနှစ် မတ်လတည်းက တပ်စွဲထားတာပါ။ သူတို့ တပ်စွဲထားတဲ့ ရဲစခန်းထဲကို ၄၀ မမ ဗုံးသီး ၄ လုံးနဲ့ ရဲစခန်းအတွင်းက ပစ်မှတ်တွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။”
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၅) တပ်ခွဲ(၃)၊ C&T ShweBo(LDF)၊ Snake Eyes (LDF)၊ Shwebo Federal Army (SBFA)၊ ဒေါင်းမာန်-SHWEBO၊Alpha-7(LDF)၊ MDF SHWEBO၊ ဗိုလ်ကျားရိုင်း-Shwebo ၊ F .D .F နဲ့ ရွှေဘိုတိုက်နယ်(၂)မှ ပ.က.ဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အင်းတော်နဲ့ရွှေဘိုမြို့နယ်တို့မှာ တိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မော်လိုက်ခရိုင်အတွင်းရှိ စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးအားလုံး ၁၀ ရက်အတွင်း နုတ်ထွက်ဖို့ မော်လိုက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်နေ့ ရက်စွဲနဲ့ သတိပေး ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကိုင်းတိုင်း မော်လိုက်ခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်နေပြီဖြစ်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးတာဝန်ယူထားသူ အားလုံးအနေနဲ့ ထုတ်ပြန်တဲ့ရက်က စတင်ကာ ၁၀ ရက်အတွင်း ရာထူးတာဝန်မှ နုတ်ထွက်ပြီး တာဝန်ကျရာ နယ်မြေမှစွန့်ခွာကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညွှန်ကြားချက်အတိုင်း မလိုက်နာပါက အကြမ်းဖက်ယန္တရားမှာ ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူတွေအဖြစ် မှတ်ယူပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါဝင် တည်ဆဲဥပဒေတွေနဲ့အညီ ပြင်းထန်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။
မော်လိုက်ခရိုင်အတွင်းမှာ မော်လိုက်၊ ဖောင်းပြင် ၂ မြို့ရှိပြီး ခရိုင်အတွင်းမှာတော့ ရပ်ကွက်ပေါင်း ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၈ အုပ်စု နဲ့ ကျေးရွာပေါင်း ၂၅၃ ရွာရှိပါတယ်။
အခုနှစ်ဆန်းပိုင်းက မော်လိုက်ခရိုင်အတွင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတချို့ နှတ်ထွက်တာတွေ ရှိခဲ့ပေမယ့် အစားထိုးခန့်အပ်မှုတွေနဲ့ အများစုကတော့ နှတ်ထွက်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။