ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲက JW(ADK) အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အပြည့်အဝမရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
JW(ADK) စက်ရုံအလုပ်သမားတွေဟာ လုပ်ခလစာလျှော့ချခံရတာ အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် ဇူလိုင် ၇ ရက်က အဲဒီစက်ရုံအတွင်း ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
အဲဒီလိုဆန္ဒပြတောင်းဆိုမူကြောင့် စစ်ကောင်စီတပ်တွေရောက်လာပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားဘက်က ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးစေခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားခေါင်းဆောင်တဦးက “ဆွေးနွေးမှုအရတော့ ဇွန်လက လစာနှုန်းအတိုင်း စက်ရုံက ပြန်ဖြည့်ပေးတယ်။အဲဒီတချက်ကတော့ ပြေလည်သွားတယ်ပေါ့။ အလုပ်သမားတွေက စက်ရုံဝင်းထဲ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုတာ။ နိုင်ငံရေးကိစ္စမဟုတ်တဲ့အတွက် အရေးယူတာတော့ မရှိဘူး” လို့ ပြောပါတယ်။
အဲဒီစက်ရုံအလုပ်သမားတွေဟာ နေ့ကြေး တိုးပေးဖို့၊ ထုတ်လုပ်မှုဆုကြေးပုံမှန် ပေးဖို့၊ ကျွမ်းကျင်ကြေးပေးဖို့၊ ရက်မှန်ကြေးတိုးဖို့၊ စနေနေ့ ၄ နာရီ လွှတ်ပေးဖို့၊ တနင်္ဂနွေ အချိန်ပိုကြေး လက်ငင်းပေးဖို့၊ ဆေးခွင့်၊ ရှောင်တခွင်ခွင့်၊ လုပ်သက်ခွင့်ပေးဖို့၊ စက်ရုံတရုံလုံးလစာ ၆ လပိုင်းအတွက် တွက်ချက်ပေးဖို့ ဆိုတဲ့အချက်တွေ တောင်းဆိုခဲ့ကြတာပါ။
ဒါ့အပြင် အလုပ်သမားအဖွဲ့ အသစ်ဖွဲ့စည်းဖို့၊ အလုပ်ကြီးကြပ်သူတွေ ဆဲဆိုခြင်းမပြုဖို့၊ ၃ ရက်ပျက်လျှင် အလုပ်မဖြုတ်ဖို့၊ အခုလအတွက် လစာချက်ချင်းပြန်တွက်ပေးဖို့၊ ဆန္ဒပြအလုပ်သမားတွေကို လုပ်အားခမဖြတ်ဖို့၊ အလုပ်မထုတ်ဖို့၊ ဘယ်လိုအရေးယူမှုမှမလုပ်ဖို့ စတဲ့အချက်တွေလည်း တောင်းဆိုခဲ့ကြပါတယ်။
အလုပ်သမားခေါင်းဆောင်က “ကျန်တောင်းဆိုချက်တွေကတော့ ဆက်စောင့်ကြည့်ရဦးမယ်။ စက်ရုံဘက်က အချိန်ယူ ပြင်ဆင်လုပ်ရမှာတွေ ဖြစ်နေတာဆိုတော့လေ” လို့ ပြောပါတယ်။
JW အထည်ချုပ်စက်ရုံဟာ (ADK) စက်ရုံခွဲတခု ဖြစ်ပြီး အလုပ်သမားပေါင်း ၂၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။
ဇူလိုင် ၇ ရက်က JW(ADK) စက်ရုံလုပ်သားတွေရဲ့ဆန္ဒပြမှုဟာ စစ်အာဏာသိမ်းကာလအတွင်း အလုပ်သမားတွေအခွင့်အရေးအတွက် တောင်းဆိုတဲ့ ပထမဆုံးဆန္ဒပြမှုလည်း ဖြစ်ပါတယ်။